တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်၊ ကုန်ပစ္စည်း ကန့်သတ်ထားခြင်းမရှိဘဲ ကုန်သွယ်ပို့ဆောင်နေ
- Pajau Media

- Apr 3, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃ရက်၊ဧပြီလ၊၂၀၂၅။
ကချင်ပြည်နယ်၊ မိုင်ဂျာယာန်နှင့် လွယ်ဂျယ်မြို့ရှိ တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များတွင် တရုတ်ဘက်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သောကြောင့် ကုန်ပစ္စည်း ကန့်သတ်ထားခြင်းမရှိဘဲ ကုန်သွယ်ပို့ဆောင်နိုင်ပြီဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
တရုတ်အစိုးရဘက်မှ ကုန်သွယ်ပို့ဆောင်ရန် လေးလကြာပိတ်ပင်ထားခဲ့သည့် နယ်စပ်ဂိတ်ကို ပြီးခဲ့သည့် မတ်လ၂၈ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် စားသုံးကုန်နှင့် လူသုံးကုန်များကိုလည်း ကန့်သတ်ထားခြင်းမရှိ သယ်ယူပို့ဆောင်နေပြီဟု မိုင်ဂျာယာန် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အခုဒီကုန်ပစ္စည်းတွေကိုတော့ အရင်ကလို ကန့်သတ်ထားတာမျိုး မရှိတော့ဘူး။ အကုန်သယ်ယူပို့ဆောင်လို့ရနေပြီ။ ကားတွေလည်းနေ့တိုင်း အဝင်အထွက်ရှိတယ်” ဟု ပြောသည်။
အဆိုပါ နယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ပေးရန် တရုတ်နယ်စပ်ဒေသရှိ ပြည်သူများ ပေကျင်းတရုတ်အစိုးရရုံးထံ စာအကြိမ်ကြိမ်တင် တောင်းဆိုမှုကြောင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများ ပြောဆိုချက်အရ သိရသည်။
ယခင်က တရုတ်နယ်စပ်ဂိတ် ပိတ်ပင်ထားချိန် တရုတ်မှ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် တားမြစ်ထားသော်လည်း ကချင်ပြည်နယ်စပ် ဒေသထွက် ငှက်ပျော၊ကြံနှင့် ဖရဲသီးများကိုတော့ တရုတ်ဘက်ခြမ်းသို့ ဆက်တိုက်တင်သွင်း လက်ခံနေခဲ့သည်ဟု ဆိုသည်။
သတင်း- ဖရိန်း










Comments