top of page

တရုတ်နယ်စပ် ကန်ပိုင်တည်နှင့်ပန်ဝါဂိတ်များ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးသော်လည်း ဖရဲ၊လဂွေကျေးရွာရှိ အမှတ်(၇)လမ်းမှ ကုန်စည်များဝင်ရောက်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • 6 hours ago
  • 1 min read

ပါဂျောင်မီဒီယာ။

၂၀ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်၊ တရုတ်နယ်စပ် ကန်ပိုင်တည်နယ်စပ်ဂိတ်နှင့် ဖီမှော်၊ပန်ဝါဂိတ်များ လက်ရှိအချိန်အထိ တရားဝင်ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း တရုတ်ဘက်ခြမ်းမှ ကုန်ပစ္စည်းများကို ဖရဲ၊လဂွေကျေးရွာရှိ အမှတ်(၇)လမ်းမှတစ်ဆင့် သယ်ယူဖြန့်ချီနေကြောင်း ကားသမားများထံမှ သိရသည်။


“ဂိတ်တွေက ခုထိပြန်မဖွင့်သေးတော့ ဖရဲ၊လဂွေ အမှတ် (၇) လမ်းကနေတစ်ဆင့် သယ်ယူပြီး ချီ‌ဖွေအထက်မှာရှိတဲ့ ၁၁မိုင်မှာ ကုန်တင်ကုန်ချပြုလုပ်ပြီး အဲ့ကနေတစ်ဆင့် ကားသမားတွေက ပြန်ပြီး သယ်ယူပို့ဆောင် ဖြန့်ချီနေကြတာ” ဟု ကုန်သည်တစ်ဦးက ပြောသည်။


တရုတ်ဘက်ခြမ်းမှ သယ်ယူလာသည့် ကုန်ပစ္စည်းများအားလုံးကို ဖရဲ၊လဂွေကျေးရွာရှိ အမှတ်(၇)လမ်းမှတစ်ဆင့် ချီဖွေအထက် ၁၁မိုင်နေရာတွင် ဦးစွာပို့ဆောင်ထားကာ ထိုနေရာမှတစ်ဆင့် ပန်ဝါ၊ဖီမှော်၊ကန်ပိုင်တည်၊ချီဖွေနှင့် မြစ်ကြီးနား စသည့်နေရာများသို့ ပြန်လည်သယ်ယူ ပို့ဆောင်နေကြေကြောင်း သိရသည်။


အဆိုပါ အမှတ်(၇)လမ်းကြောင်းကို ယခင်က တရုတ်ဘက်မှ ကုန်စည်များ သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ထားခဲ့သော်လည်း ‌ဖရဲ၊လ‌ဂွေဒေသခံများ တောင်းဆိုချက်ကြောင့် ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖရဲဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။


 “အဲ့ဒီလမ်းကို အစက တရုတ်တွေက ကုန်ပစ္စည်းတွေ သယ်ယူခွင့်မပြုဘူး။ အဲ့တာကို ‌ဒေသခံတွေ တောင်းဆိုကြတာ။ အဲ့ဒီနောက်မှဘဲ လူသားချင်းသနားညှာသာမှု၊ နားလည်မှုနဲ့ ပြန်ဖွင့်ပေးခဲ့တာ၊ အဲ့တာကြောင့် ခုလိုကုန်ပစ္စည်းတွေ သယ်ယူနိုင်တာ”ဟု ပြောသည်။


လက်ရှိမြစ်ကြီးနားမြို့အတွင်း ရောက်ရှိလာသော တရုတ်ပစ္စည်းအများစုမှာ ဖရဲ၊လဂွေကျေးရွာ အမှတ်(၇)လမ်းဘက်မှ ဝင်ရောက်လာခြင်းဖြစ်ပြီး၊ အဆိုပါ အမှတ်(၇)လမ်းအား ဖွင့်လှစ်အသုံးပြုလာသည်မှာ နှစ်လနီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page