top of page

တရုတ်နယ်စပ် ကန်ပိုင်တည်မြို့တွင် ကုန်စီးဆင်းမှုရပ်တန့်နေသောကြောင့် စက်သုံးဆီနှင့်ကုန်ဈေးနှုန်းများ မြင့်တက်လာနေ

  • Writer: Pajau Media
    Pajau Media
  • Jun 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။




တရုတ်နယ်စပ် ကန်ပိုင်တည်မြို့တွင် ကုန်တင်ကားများနှင့် စက်သုံးဆီတင်ကားများ ရာချီ ပိတ်မိနေသောကြောင့် ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များတွင် စက်သုံးဆီဈေးနှုန်းများ တစ်ဖန်မြင့်တက်နေကြောင်း မြစ်ကြီးနားမြို့ခံများထံမှ သိရသည်။


ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် ကန်ပိုင်တည်မြို့တွင် စက်သုံးဆီတင်ကားနှင့် ကုန်စည်ကားများ ပိတ်မိနေပြီး အဝင်မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောသည်။


လက်ရှိမှာတော့ မြစ်ကြီးနားမြို့တွင် ကုန်ဈေးနှုန်းများ မြင့်တက်နေသည့်အပြင် ယမန်နေ့မှစပြီး စက်သုံးဆီဆိုင်အချို့ပိတ်ထားပြီး ရောင်းချပေးနေသည့်ဆီဆိုင်အချို့မှာလဲ အကန့်အသတ်ဖြင့် ကားတစ်စီး လျှင် သုံးသောင်း ၊ ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်အထိသာ ရောင်းချပေးနေကြသည်ဟု ဒေသခံများက ပြောသည်။


ပြီးခဲ့သည့် ဇွန်လ၁၁ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်(KIA)က ဆဒုံး-ကန်ပိုင်တည်ကားလမ်းပိုင်းရှိ စစ်ကောင်စီစခန်းကို အပြီးသတ် ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးချိန်မှစပြီး ယနေ့အချိန်အထိ ဝိုင်းမော်-ကန်ပိုက်တည်လမ်းပိုင်း သွားလာခွင့်ကို ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။


ယင်းအချိန်မှစပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်ကာ ကန်ပိုင်တည်မြို့နှင့်မြစ်ကြီးနားမြို့တွင်း ကုန်စည်ကားများ ရာချီသောင်တင်နေသည့်အပြင် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့မှာလည်း ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခဲ့သည်။






Comments


Pajau Media

Thanks for subscribing!

bottom of page