top of page

ထွက်ပြေးတိမ်းရှောင်နေသည့် မံစီဒေသခံ နေအိမ်များ၏ အိမ်တွင်းပစ္စည်းများ ခိုးယူသုံးစွဲခံရ

  • Writer: Pajau Media
    Pajau Media
  • Aug 15, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၅၊ ၈၊၂၀၂၄။



ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာရစစ်ကောင်စီတို့၏ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် မံစီမြို့ဒေသခံများ၏ နေအိမ်များကို မူးယစ်ဆေးဝါးသုံးစွဲသူများ ဖောက်ထွင်းခိုးယူလျက်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ယခုကဲ့သို့ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေစဉ် ဒေသခံများ၏ နေအိမ်အတွင်းမှ စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးရှိသည့်ပစ္စည်းဥစ္စာများကို မူးယစ်ဆေးဝါးသုံးစွဲသူများမှ အိမ်သော့ဖျက်ဆီးကာ အဝတ်အစား၊ စားသောက်ကုန်များသာမက မိမိလိုချင်သည့် ပစ္စည်းများကိုလည်း ခိုးယူသုံးစွဲနေကြခြင်းဖြစ်သည်ဟု ဆိုသည်။


မံစီဒေသခံများမှာ ပြီးခဲ့သည့် ဇူလှိုင်လ၂၄ရက်နေ့ကတည်းက ဗန်းမော်-မိုးမောက်ဒေသများတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲတစ်ဖန်ဖြစ်ပွားလာသောကြောင့် ဘေးလွတ်ရာလုံခြုံသည့် နေရာဒေသများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

လက်ရှိမှာတော့ မံစီဒေသခံများမှာ ခပရာကျေးရွာ၊ လိုင်လောကျေးရွာ၊ ဘွမ်ကထောင်ကျေးရွာနှင့် မန်ဝိန်းစသည့် ဒေသများတွင် ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဆိုသည်။


ထို့အပြင် သက်ဆိုင်သည့် တာဝန်ရှိသူများမှ မံစီဒေသ အနီးဝန်းကျင်အတွင်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ပြင်းထန်နေသောကြောင့် မလုံခြုံသဖြင့် မိမိနေရပ်ရင်းသို့ ပြန်လာရန် ခွင့်မပြုသေးကြောင်း ထပ်မံသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page