top of page

ထီးချိုင့်တွင် စစ်ကောင်စီနှင့် KIAတို့အကြား တိုက်ပွဲများပြင်းထန်ပြီး မြတောင်ဗျူဟာကုန်းနှင့် စခန်းအချို့ကိုပါ သိမ်းပိုက်ရရှိ

  • Writer: Pajau Media
    Pajau Media
  • Aug 23, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၃၊ ၈၊ ၂၀၂၄။



ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ်ရှိ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး ကာကင်းစခန်းအချို့ကို ဩဂုတ်လ ၂၂ရက်နေ့ မနက်ပိုင်းတွင် သိမ်းပိုက်ရရှိထားကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါသည်။


ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မြတောင်စစ်စခန်းနှင့် ရွှေကူတောင်ဘုရားကုန်းတွင် တပ်စွဲထားသော စစ်စခန်းကို KIAနှင့် ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ ၂၁ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့မနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။



လက်ရှိထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်စွဲထားသော မြသိန်းတန်စေတီ၊ ကျောက်စေတီနှင့် မန္တလေး-မြစ်ကြီးနားလမ်းဆုံ ဧရာဝတီတံတားထိပ်စသည့် နေရာသုံးခုသာကျန်ရှိနေပါသည်။ KIAနှင့် ပူးပေါင်းတပ်များက မြို့တွင်းကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းအမြစ်များ၏ ဖော်ပြချက်အရ သိရပါသည်။


စစ်ကောင်စီအနေဖြင့် ထီးချိုင့်မြို့ကို လက်မလွတ်ရရေးအတွက် ယမန်နေ့တွင် Y- 12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ခန့်ကြဲသည့်အပြင် Jet Fighterဖြင့် ၁၂ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ပြီး ယနေ့ချိန်ထိ လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။


တော်လှန်ရေးပူးပေါင်းတပ်များက ထီးချိုင့်မြို့ကို ၂၀၂၃ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ခုနှစ် ဇန်နဝါရီလကုန်ပိုင်းထိ နှစ်ကြိမ်တိုင်အောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေရာအများစုကို သိမ်းထားနိုင်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက မြတောင်ကျေးရွာနှင့် ၉မိုင်အကွာ မောင်းကုန်းကျေးရွာတွင်ရှိသော တကောင်းနီကယ်စက်ရုံကို သိမ်းပိုက်ထားနိုင်ခဲ့သည်။


ထီးချိုင့်မြို့ရှိ တပ်စခန်းသိမ်းပွဲကို ကချင်လွတ်မြောက်ရေးတပ် KIA၊ ရခိုင့်တပ်မတော် AAနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က အတူပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေပါသည်။


ထီးချိုင့်မြို့သည် စစ်ရေးအရ အချက်အခြာကျသော နေရာတစ်ခုဖြစ်ပြီး ဗန်းမော် -မန္တလေး လမ်းကြောနှင့် ဧရာ၀တီမြစ်တစ်ဖက်တွင် မန်းလေး -ရွှေဘို-မြစ်ကြီးနား လမ်းကြောတို့ ရှိနေသည်။ ထီးချိုင့်မြို့ကို သိမ်းယူထိန်းချုပ်နိုင်လျှင် စစ်ကောင်စီအတွက် အထက်မြန်မာပြည်တစ်ခုလုံး ဆုံးရှုံးသွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးမှ မှတ်ချက်ပြုထားပါသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page