top of page

ထီးချိုင့်ဒေသ စကစမှ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲသောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိ

  • Writer: Pajau Media
    Pajau Media
  • Feb 10
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မောင်းကုန်း ကျေးရွာအုပ်စု ဗူးကြီးကုန်းကျေးရွာကို ယမန်နေ့ နေ့လည် ၁၂ နာရီ ၄၈ မိနစ်အချိန်ခန့်က စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲခဲ့သော‌ကြောင့် အရပ်သားပြည်သူ (၃)ဦး သေဆုံးပြီး၊ ကလေး(၂)ဦးအပါအဝင်(၅)ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ပြီးခဲ့သည့် ဇန္နဝါရီလ၂၈ ရက်နေ့ နံနက်(၅)နာရီမှစ၍ ထီးချိုင့်မြို့သိမ်း တကျော့ပြန်တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီမှ အကျအဆုံးများပြားရာ ထီးချိုင့်မြို့နယ်အတွင်းရှိ အရပ်သားပြည်သူများရှိရာ ကျေးရွာများဆီသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။


"ထီးချိုင့်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက ထွေအုပ်ရုံး၊ မြို့မရဲစခန်း၊ ဘောလုံးကွင်း နဲ့ စာသင် ကျောင်းတွေမှာ တပ်စွဲထားပြီး အထိုင်စစ်တပ်တော့မရှိဘူး၊ ထီးချိုင့်မြို့ကိုသိမ်းဖို့က သိပ်မကျန်တော့ဘူးလို့တောင် ပြောလို့ရတယ်ဆိုပေမယ့် စစ်ကော်မရှင်က လေကြောင်းကနေဖိပြီး တိုက်ခိုက်လာတာ၊ ဒီ‌နေ့တရက်ထဲ ထီးချိုင့်မြို့နယ်ထဲ (၂)ကြိမ် လာကျဲသွားတယ်"ဟု ထီးချိုင့်မြို့နယ်တွင် ရောက်ရှိနေသော လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးမှ ပြောသည်။


‌စစ်‌ကောင်စီမှ အကျအဆုံးများပါက ၎င်းတို့ပြုလုပ်နေကျအတိုင်း အရပ်သားပြည်သူများရှိသော နေရာများသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကျဲခြင်းများပြုလုပ်လာနိုင်‌သောကြောင့် ပြည်သူများ လေကြောင်းရန်ကို သတိပြုကြရန်နှင့် ဗုံးခိုကျင်းများ တူး‌ဖော်ထားကြရန် တိုက်တွန်းပြောကြားထားသည်။


ဇန်နဝါရီ(၃၀)ရက်နေ့တွင်လည်း မောင်းကုန်း ကျေးရွာအုပ်စု စပ်စားကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးသီး(၂)လုံး ကျဲခဲ့သောကြောင့် နွား(၂‌)ကောင်နှင့် ဝက်(၂)ကောင် သေဆုံးခဲ့သည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page