မန်ခိန်ရပ်ကွက်တွင် သူခိုးအမျိုးသားတစ်ဦး ဖမ်းမိ
- Pajau Media

- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၁၁ရက်၊မတ်လ၊၂၀၂၆။

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင် ယမန်နေ့ မတ်လ၁၀ရက် ညနေ၇နာရီချိန်ခန့်က မန်ခိန်စစ်ရှောင်စခန်းတွင်း ဆိုင်ကယ်ခိုးရန် ကြံစည်နေသည့် သူခိုးအမျိုးသားတစ်ဦး ဖမ်းဆီးရမိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
အဆိုပါသူခိုးမှာ ညနေ၇နာရီအချိန် စစ်ရှောင်စခန်းတွင်း စစ်ရှောင်များ ဆုတောင်းဝတ်ပြုနေစဉ် ဆိုင်ကယ်ခိုးရန် ဆိုင်ကယ်ခေါင်းတွန်းနေချိန် စစ်ရှောင်အမျိုးသမီးတစ်ဦး တွေ့ရှိသွားပြီး၊ ထွက်ပြေးသွားသောကြောင့် စစ်ရှောင်များနှင့် ဒေသခံများ ဝိုင်းဝန်းလိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“စစ်ရှောင်တွေက အားလုံးစုပေါင်းပြီး ဆုတောင်းဝတ်ပြုနေတဲ့အချိန် အဲ့သူခိုးက ဆိုင်ကယ်ခိုးဖို့ လုပ်နေတာ။ အဘွားတစ်ယောက်က အသံကြားလို့ လာကြည့်တော့ သူခိုးက ဆိုင်ကယ်ခေါင်းလှည့်ပြီး တွန်းနေတာ။ အဘွားက အော်လိုက်တော့ ထွက်ပြေးသွားတယ်။ စစ်ရှောင်တွေလဲ အစုလိုက် အကုန်လုံးထွက်လာပြီး လိုက်လံဖမ်းဆီးကြတယ်။” ဟု ဒေသခံတစ်ဦး ပြောပြသည်။
ယင်းသူခိုးအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရွာကလူကြီးများ စစ်ဆေးမေးမြန်းရာ၊ ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအနီး ဒါ့ဂျန်ကျေးရွာမှ ဇခုန်ဇော်နော်ဆိုသူဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားပြီး၊ မထွက်ဆိုမီ ဖားကန့်မြို့မှ ဖြစ်ကြောင်း၊ မြစ်ကြီးနားတွင် နေထိုင်ကြောင်း စသည်ဖြင့် အမျိုးမျိုးလိမ်ညာ ထွက်ဆိုခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် ဆိုင်ကယ်ခိုးခံရသည့် ဆိုင်ကယ်ပိုင်ရှင်များမှ နောက်ထပ် တရားစွဲဆိုခြင်းမပြုသောကြောင့် သက်ဆိုင်ရာများမှ ဆုံးမကာ လွှတ်ပေးရန် လုပ်ဆောင်နေကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် နေအိမ်အတွင်းမှ ကား၊ဆိုင်ကယ်နှင့် တန်ဖိုးကြီးပစ္စည်းများအပြင် မီးလုံး၊ မီးကြိုးများ စီးပြီးသား ဖိနပ်များအထိ အခိုးခံနေရခြင်း ဖြစ်သည်။
သတင်း - ထုဆိုင်း




Comments