ဒူကထောင့်ရပ်ကွက်တွင် လူငယ်တစ်ဦး ဓါးမြအဖွဲ့မှ ဝိုင်းရိုက်ခံရပြီး နံရိုးကျိုးသွားဟုဆို
- Pajau Media

- Jul 28, 2025
- 1 min read
ပါဂျောင်မီီဒယာ
၂၈ရက်၊ဇူလိုင်၊၂၀၂၅။

မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်တွင် ယမန်နေ့ ဇူလိုင်၂၇ရက် ည၈နာရီအချိန်ခန့်က အပြင်မှ အိမ်ပြန်လာသည့် လူငယ်တစ်ဦး အမည်မသိလူငယ်၄ဦးပါဝင်သည့် အုပ်စုအဖွဲ့မှ ဝိုင်းရိုက်ခံခဲ့ရပြီး၊ ညာဘက်နံရိုးတစ်ချောင်း ကျိုးသွားကြောင်း နီးစပ်သူများထံမှ သိရသည်။
“သူက ဆိုင်ကယ်တော့ တော်တော်ပျက်စီးသွားတယ်။ ဓါးမြတိုက်တဲ့သူတွေကလည်း ဆိုင်ကယ်တော့ မယူသွားဘူး။ ဝိုင်းရိုက်ပြီး လူတွေထွက်လာတော့ ထွက်ပြေးသွားတာ။ ဒဏ်ရာတွေက နည်းနည်းများတယ်။ ညာဘက်နံရိုးကျိုးသွားတယ်။ ဆိုင်ကယ်က မှောက်သွားပြီး သော့ပျောက်သွားပေမယ့် စက်ကမရပ်သွားလို့ တော်သေး။ ခေါင်းတွေ ခြေထောက်တွေမှာ သွေးတွေပေကျံပြီး၊ အင်္ကျီတွေလည်း စုတ်ပြဲပြီး ဆိုင်ကယ်မောင်းပြန်လာတာ။” ဟု ဝိုင်းရိုက်ခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ဒူကထောင်လမ်း ကောင်းမြတ်ကျော်အနားတွင် ဆိုင်ကယ်မောင်းလာစဉ် စောင့်နေသော လူငယ်၄ဦးမှ ရုတ်တရက် တုတ်ဖြင့်ရမ်းလိုက်သောကြောင့် ဆိုင်ကယ်မှောက်သွားခဲ့ကြောင်း၊ ဆိုင်ကယ်မှောက်နေစဉ် တုတ်ဖြင့်ဝိုင်းရိုက်ခဲ့ရကြောင်းနှင့် ဆိုင်မှလူအများထွက်ကြည့်မှ ထွက်ပြေးသွားခြင်း ဖြစ်သည်။
ဓါးမြတိုက်ခံရသူမှာ အသက်၂၄နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်ပြီး၊ လက်ရှိမှာ ဝိုင်းရိုက်ခြင်းကြောင့် ညာဘက်နံရိုးတစ်ချောင်း ကျိုးသွားသဖြင့် ဆေးကုသမှုခံယူနေကြောင်းနှင့် ဓါးမြတိုက်သည့် လူငယ်အုပ်စုအဖွဲ့မှာလည်း ဆယ်ကျော်သက်အရွယ်များသာ ဖြစ်နိုင်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် အုပ်ချုပ်ရေးယန္တရားပျက်စီးပြီးနောက် ခိုးဆိုလုယက်မှုနှင့် ဓါးမြတိုက်မှု စသည့် ဒုစရိုက်များမှာ ပိုမိုတွင်ကျယ်စွာ ဖြစ်ပွားလာခဲ့ကာ အဆိုပါဒုစရိုက်များ မကြာခန ဖြစ်ပွားနေသော်လည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိခဲ့သောကြောင့်လည်း ပိုမိုဆိုးရွားလာသည်ဟု ဒေသခံများက ပြောသည်။
သတင်း - ထုဆိုင်း




Comments