ဒေါ့ဖုန်းယန်မြို့တွင် စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုဖြစ်ပွား
- Pajau Media

- Feb 20, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။

မိုးမောက်မြို့နယ်မှ ဒေါ့ဖုန်းယန်မြို့တွင် စစ်ကောင်စီမှ လာရောက်ပစ်ခတ် တိုက်ခိုက်သည့် လေယာဉ်ဗုံးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၉ရက်နေ့ နံနက်အစောပိုင်း ၁နာရီ ၂၅မိနစ်အချိန်ခန့်တွင် ဒေါ့ဖုန်းယန်ဒေသ၊ ဝက်ယင်းကျေးရွာတွင် စစ်ကောင်စီမှ လေယာဉ်ဗုံး လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ပြည်သူ ၇ဦး အသက်သေဆုံးခဲ့ပြီး၊ ၅ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အသက်သေဆုံးခဲ့သူ ပြည်သူများမှာ ဦးမောင်ဦးမိသားစု (၇)ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး၊ အသက်ဆယ်နှစ်အရွယ် ကလေးငယ်သုံးဦး ပါဝင်ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများမှာ အသက်(၆၀)နှစ်အရွယ် ဦးဝင်းနိုင်၊ အမျိုးသမီးဖြစ်သူ အသက်(၆၈)နှစ်အရွယ် ဒေါ်ခင်ရီ၊ အသက်(၅၃)နှစ်အရွယ် ဒေါ်ဝင်းကြိုင်၊ အသက်(၁၀)နှစ်အရွယ် မောင်ကောင်းထက်လွင်နှင့် အသက်(၂၇)နှစ်အရွယ် ဒေါ်စုလှိုင် တို့ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့မှာ ထိတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသများတွင် လေယာဉ်ဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေသောကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် နေအိမ်ထိခိုက်ပျက်စီးမှုမှာ များစွာရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်နေ့တွင်လည်း ဟူးကောင့်ချိုင့်ဝှမ်းဒေသ၊ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရပြီး၊ နေအိမ် ၃အိမ်မီးလောင်ပျက်စီးခဲ့ရသည်။
သတင်း - ဇော်မိုင်










Comments