top of page

နှောင်ခိုင်စက်လှေဆိပ် ပိတ်ပင်ထားသောကြောင့် မုန်ညှင်းစိုက်ပျိုးသူ ဒေသခံများ အရှုံးပေါ်

  • Writer: Pajau Media
    Pajau Media
  • May 3, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊မေလ၊၂၀၂၄ခုနှစ်။


ree

ကချင်ပြည်နယ်၊ ပူတာအိုဒေသ နှောင်ခိုင်ကျေးရွာ၊ မလိခစက်လှေဆိပ်ကို စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းကြောင့် မလိခမြစ်ကမ်းတစ်လျှောက် မုန်ညှင်းခြံ လုပ်ကိုင်စားသောက်နေထိုင်ကြသည့် ဒေသခံများ သယ်ယူပို့ဆောင်ရေးခက်ခဲကာ အရှုံးပေါ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။


“ဒီနှစ်က ဆုံးရှံးမှု အကြီးကြီး ဖြစ်သွားပြီ။ စက်လှေဆိပ် ပိတ်လိုက်ပြီး စက်သုံးဆီလည်း ဈေးတက်နေတော့ မုန်ညှင်းစေ့တွေက အလကား ပျက်သွားပြီလေ။ ခြေကျင်နဲ့ သယ်ယူဖို့လည်း မလွယ်ဘူး။ လမ်းခရီးက အရမ်းခက်ခဲတာဆိုတော့ ဒီနှစ်က ဆုံးရှံးမှု အကြီးကြီးပဲ။” ဟု မုန်ညှင်းစေ့ မသယ်ယူနိုင်ဘဲ အရှုံးပေါ်နေသည့် ဒေသခံတစ်ဦးက ပြောသည်။


ပူတာအိုဒေသခံ အများစုသည် စက်လှေဆိပ်ကို အခြေပြုကာ မလိခချောင်းတစ်လျှောက် မုန်ညှင်းခြံလုပ်ကိုင်စားသောက်နေကြသော်လည်း ပြီးခဲ့သည့် မတ်လ ကုန်ပိုင်းလောက်မှစ၍ နှောင်ခိုင်စက်လှေဆိပ်ကို ဌာနေပြည်သူ့စစ်အဖွဲ့မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သောကြောင့် မုန်ညှင်းခြံ လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံများ မုန်ညှင်းစေ့မသယ်ယူနိုင်ဘဲ အရှုံးပေါ်နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။


ဒေသခံများ ပြောပြချက်အရ အချို့စက်လှေ ၂စီးခန့် မလိခမြစ်အတွင်း သွားလာပို့ဆောင်နေသော်လည်း ဒေသခံများ၏ မုန်ညှင်းစေ့များ သယ်ယူပို့ဆောင်ပေးရန် ကျပ်၅သိန်းအထိ ညှိနှိုင်းတိုင်ပင်သော်လည်း မရရှိခဲ့သည့်အပြင် ရင်းနှီးစိုက်ပျိုးသည့် ကုန်ကျစရိတ်ထက် ၃ဆအထိ ကုန်ကျနိုင်သောကြောင့် မသယ်ယူကြတော့ဟု ပြောသည်။


ထို့အပြင် လက်ရှိ ဒေသခံများ မုန်ညှင်းခြံ လုပ်ကိုင်စားသောက်သည့်နေရာသည် မလိခမြစ်တစ်လျှောက်ရှိ မုန်ညှင်းခြံများမှာ အားလုံးစုစုပေါင်း ဧက(၈၀၀)နီးပါးအထိ ရှိကြောင်း သိရသည်။


ဒေသခံများ မုန်ညှင်းခြံလုပ်ကိုင်ကြသည့် နေရာသည် မချန်းဘော့မြို့မှ အဆင်းလျှင် တစ်နာရီခွဲကျော် ကြာမြင့်ပြီး၊ အတက်လျှင် ၃နာရီနီးပါးအထိ ကြာမြင့်ကာ၊ ခြေကျင်ဖြင့် သွားလာမည်ဆိုလျှင် လမ်းတွင် ၃ညနီးပါး ခရီးသွားရသည့် နေရာဖြစ်ကြောင်း သိရသည်။


ထို့ကြောင့် ဒေသခံများမှာ စက်လှေဆိပ်ကိုသာ အမှီပြုကာ သွားလာကာ လုပ်ကိုင်စားသောက်ကြခြင်းကြောင့် ရေလမ်းကြောင်းဖြစ်သည့် စက်လှေဆိပ်ကို အမြန်ဆုံး ဖွင့်လှစ်ပေးရန် လိုလားကြသည်ဟု ဆိုသည်။


သတင်း - ဟူးကောင်း


Comments


Pajau Media

Thanks for subscribing!

bottom of page