top of page

နောင်ခိုင်စက်လှေဆိပ် ပိတ်ပင်ထားသော ကြောင့် မုန်ညှင်းမသယ်ယူနိုင်ဘဲ ပျက်စီးသွားမည်ကို ဒေသခံများ စိုးရိမ်

  • Writer: Pajau Media
    Pajau Media
  • Mar 29, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုဒေသ နှောင်ခိုင်ကျေးရွာ၊ မလိခစက်လှေဆိပ်ကို စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းကြောင့် မလိခမြစ်ကမ်းတစ်လျှောက် မုန်ညှင်းခြံ လုပ်ကိုင်စားသောက်နေထိုင်ကြသည့် ဒေသခံများ သယ်ယူပို့ဆောင်ရေးအတွက် ခက်ခဲနေကြောင်း ဒေသခံများ ‌ပြောသည်။


“ဒေသခံအများစုက ဖားကန့်ယာန်ဘက် မုန်ညှင်းခြံ လုပ်ကိုင်နေထိုင်ကြတဲ့သူတွေ ဖြစ်တယ်။ နှစ်တိုင်း စက်လှေနဲ့ သယ်ယူကြရတယ်။ စက်လှေနဲ့ဆို နှစ်နာရီလောက် သွားရတယ်။ ခြေလျင်သွားရင်တော့ နှစ်ရက်လောက် သွားမှရောက်တဲ့ နေရာဟုတ်တယ်။ ခုစက်လှေဆိပ် ပိတ်ထားလိုက်တော့ ဘယ်ချိန်မှ သယ်ယူနိင်တော့မလဲ မသိဘူး။ စက်လှေဆိပ်အနီးနားတွေမှာပဲ စုပုံထားပြီး ပြန်ဖွင့်ပေးမယ့်ချိန်ကို စောင့်နေကြရတာပေါ့” ဟု နောင်ခိုင် ဒေသခံတစ်ဦးက ပြောသည်။


ပူတာအိုဒေသမှ ဒေသခံအများစုမှာ စက်လှေဆိပ်ကို အမှီပြုကာ မလိခ မြစ်ကမ်းတစ်လျှောက် မုန်ညှင်းခြံလုပ်ကာ နေထိုင်နေကြပြီး ယခုအချိန်တွင်လည်း ရိပ်သိမ်းပြီးသော မုန်ညှင်းစေ့တွေကို အိမ်သို့သယ်ယူ ပို့ဆောင်ရသည့် အချိန်လည်း ဖြစ်သည်ဟု ဆိုသည်။


သို့သော် စက်လှေဆိပ်ကို ပိတ်ပင်ထားသောကြောင့် မြစ်ကမ်းနံဘေးတွင် စုပုံထားရပြီး စက်လှေဆိပ် ပြန်ဖွင့်လှစ်ပေးမည့်အချိန်ကို စောင့်နေရသည့်အပြင် ရက်ရှည်ပိတ်ပင်လာပါက မုန်ညှင်းစေ့များ ပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြရသည်ဟု ပြောသည်။


“ရှာဖွေစားသောက် နေထိုင်ကြသည့် ပူတာအိုဒေသခံတွေ အများစုက စက်လှေဖြင့် ဆက်သွယ်ရေးကို အဓိကထားပြီး လုပ်ကိုင်စားကြတယ်။ ခြေလျင်ခရီးသွားဖို့ကလည်း သဲသောင်ပြင်ဖြစ်တဲ့အတွက် မလွယ်ဘူး။ စက်လှေဆိပ်သာ ရက်ရှည်ပိတ်ထားမယ်ဆိုလျှင် ဒေသခံများ ရှာဖွေစားသောက်ရေးအတွက်ပင် ခက်ခဲလာနိုင်တယ်။” ဟု အထက်ပါ ဒေသခံ ဆက်ပြောသည်။


ဒေသခံများ၏ အားကိုးအားထားရာဖြစ်သည့် နောင်ခိုင်ကျေးရွာရှိ မလိခမြစ်မှ နောင်ခိုင်စက်လှေဆိပ်ကို ပြီးခဲ့သည့် မတ်လ ဒုတိယအပတ်မှ စတင်ကာ စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။


လက်ရှိမှာ နောင်ခိုင်ကူးတို့နှင့် မလိခမြစ်တစ်ကြောတွင် ဌာနေပြည်သူ့စစ်မှ စောင့်ကြပ်နေရာယူထားပြီး၊ စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ စက်လှေဆိပ်ကို ပိတ်ပင်ထားလိုက်သည်မှာ အောက်ဘက်ပိုင်း KIA, KPDF ပူးပေါင်းတပ်ဖွဲ့များ စားနပ်ရိက္ခာ ပို့ဆောင်ရေး မလုပ်နိုင်အောင် ရည်ရွယ်ချက်ဖြင့် ဖြစ်နိုင်သည်ဟု ပြောသည်။


သတင်း - ဟူးကောင်း


Comments


Pajau Media

Thanks for subscribing!

bottom of page