နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့်ဓာတ်မြေဩဇာဈေးမြင့်တက်ခြင်းများကြောင့် မံစီမြို့နယ်တွင် လယ်ယာလုပ်ကိုင်သူနည်းပါးလာ
- Pajau Media

- May 23, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၂၃ရက်၊မေလ၊ ၂၀၂၅။
ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ယခုနှစ်အတွင်း လယ်ယာလုပ်ငန်း လုပ်ကိုင်သူများ သိသိသာသာ နည်းပါးလာသည်ဟု မံစီဒေသခံ အမျိုးသားတစ်ဦးက ပြေသည်။
မံစီဒေသခံများမှာ နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့် လယ်ယာလုပ်ချိန် အသုံးပြုသည့် ဓာတ်မြေဩဇာဈေးကြီးခြင်းတို့ကြောင့် လယ်ယာလုပ်ကိုင်သူနည်းပါးလာကြောင်းသိရသည်။
“မံစီ ပတ်ဝန်းကျင်တစ်လျှောက်က လယ်ယာတွေက လယ်မလုပ်တော့တဲ့ လူတွေများတယ်၊ ကချင်တွေရဲ့ လယ်ယာတွေကို ရှမ်းတွေကလုပ်တာဟုတ်တယ်။ ရှမ်းတစ်အိမ်ထောင်စုမှာ လယ် နှစ်ခုသုံးခုလောက်လုပ်တာ၊ အဲ့တာကို ဒီနှစ်က ဟိုတစ်လောလောက်ကဘဲ လယ်ပိုင်ရှင်တွေဆီ လယ်ပြန်အပ်နေတယ်” ဟု မံစီ အမျိုးသားတစ်ဦးက ပြောပြသည်။
လယ်ယာလုပ်ငန်းမလုပ်ကိုင်နိုင်ခြင်းမှာ လယ်ယာတွင် ထည့်သွင်းအသုံးပြုသည့် မြေသြဇာများ ရရှိရန်ခက်ခဲခြင်း၊ ရရှိသော်လည်း အဆမတန်ဈေးကြီးပေးဝယ်နေရခြင်းနှင့် နိုင်ငံရေးကြောင့် လုံခြုံရေးနှင့် သွားလာရေးစိုးရိမ်ရခြင်းတို့ကြောင့် ဖြစ်သည်။
“ဒီမြေသြဇာတွေ ဈေးကြီးတဲ့အတွက်ကြောင့် မြေသြဇာတွေကလည်းရှာရခက်၊ ဝယ်လို့ရရင်လည်း ဈေးအရမ်းကြီး၊ မြေသြဇာတွေဝယ်မရလို့ လယ်မလုပ်ရဲကြဘူးတဲ့။ လယ်မှာလည်း မြေသြဇာက မထည့်မနေရတဲ့၊ အဲ့လို မြေသြဇာတွေဈေးအရမ်းကြီးလို့ လယ်မလုပ်ရဲကြတာ။” ဟု အထက်ပါအမျိုးသားကဆက်ပြောသည်။
လယ်ယာလုပ်ကိုင်သူများ ပြောပြချက်အရ လယ်ဝင်ချိန်မရောက်သေးသည့် လက်ရှိအချိန်တွင် ယခင်ခြောက်သောင်းခွဲမှ ခုနှစ်သောင်းနီးပါး ရှိသည့် ပုလဲမြေဩဇာတစ်အိတ်ကို နှစ်သိန်းခွဲအထိ ဈေးရှိနေပြီး၊ အခြားသုံးမြေဩဇာများလည်း သုံးသိန်းနီးပါးအထိ ဈေးမြင့်တက်နေကြောင်း ပြောသည်။
ထို့ကြောင့် ယခုအချိန်တွင် သုံးသိန်းနီးပါးရှိနေသည့် မြေဩဇာများမှာ လယ်ယာလုပ်ငန်းဝင်ချိန်တွင် ယခုထက်ပိုမိုဈေးမြင့်တက်နိုင်သည့်အပြင် ပေါင်းရှင်းရန်အတွက် ပေါင်းသတ်ဆေးများလည်း ဈေးမြင့်နေခြင်းကြောင့် လယ်သမားများ လယ်မလုပ်ကိုင်တော့ကြောင်းဆိုသည်။
ထို့အပြင် လက်ရှိဖြစ်ပွားနေသော စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ကာ သွားလာရန်ခက်ခဲခြင်းတို့ကြောင့် လယ်သမားများ အရှုံးပေါ်မည်ကို စိုးရိမ်နေကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇော်မိုင်










Comments