top of page

နှစ်ဖက်စစ်တပ်၏ တိုက်ပွဲများကြောင့် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းများပိတ်ပင်ထား၊ ခရီးသည်ကား အများအပြား ပိတ်မိနေဆဲ

  • Writer: Pajau Media
    Pajau Media
  • Mar 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



စစ်ကောင်စီနှင့် KIA/KPDF ပူးပေါင်းတပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲများကြောင့် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းတစ်လျှောက် လမ်းများပိတ်ပင်ထားလိုက်ပြီး၊ ယင်းကားလမ်းတစ်လျှောက်ကို KIA တပ်ဖွဲ့တို့ ထိန်းချုပ်လုိက်ပြီဖြစ်ကြောင်း ကားသမားများ ပြောပြချက်အရ သိရသည်။


"ဆွမ်ပရာဘွမ်နဲ့ ဆွမ်ပီယာန်ကြား အင်ဆိုင်းယာန်နဲ့ ခင်ဒူယာန်ရွာတွေမှာလည်း အတက်ကားတွေ ပိတ်ထားတာ နှစ်ရက်လောက်ရှိပြီ၊ ဆွမ်ပီယာန်ဘက်ကို မကျော်ခိုင်းဘူး ပြန်ခေါက်ခိုင်းခဲ့တယ်" ဟု ပူတာအို ကားသမားတစ်ဦးက ပြောသည်။


ပူတာအိုဒေသရှိ ဆွမ်ပရာဘွမ်မြို့နယ်မှ မလိယာန် စစ်ကောင်စီတပ်စခန်းကို မတ်လ ၉ရက်နေ့ နံနက်ပိုင်းတွင် KIA ၊ KPFနှင့် KPDFပူး‌ပေါင်းတပ်များက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးနောက် ယခုလို ကားလမ်းပိုင်းများအားလုံးကို KIA က ထိန်းချုပ်ပြီး၊ ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။


နောက်ထပ် ကားသမားတစ်ဦး ပြောပြချက်အရ မတ်လ ၉ရက်နေ့ ညနေ ၄နာရီခွဲအချိန်တွင် ပူတာအိုမှ ဆွမ်ပရာဘွမ်မြို့နယ်သို့ စစ်ကူဆင်းလာသည့် စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းတပ်တို့ ဆွမ်ပီယာန်ကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့ခြင်းကြောင့် ယခုလို ခရီးသည်ကားများ ဖြတ်သန်းသွားလာခွင့်ကို KIAအဖွဲ့များက တားမြစ်ထားလိုက်ခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။


မတ်လ ၈ရက်နေ့ကစပြီး ဆွမ်ပရာဘွမ်မြို့နယ်အတွင်း နှစ်ဖက်စစ်တပ်များ၏ တိုက်ပွဲအခြေအနေများကြောင့် အသွားအလာ ခရီးသည်ကားများကို ယာယီပိတ်ထားခဲ့ရာ၊ မတ်လ ၉ရက်နေ့ နေ့လည်ခင်းအချိန်မှစ၍ မြစ်ကြီးနား-ပူတာအိုကားလမ်းတစ်ကြော အဆင်းအတက်ကားများ အားလုံးကို ရက်အကန့်အသတ်မရှိ အပြီးသတ် ပိတ်ပင်ထားလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ခရီးသည်ကား အများအပြားသည်လည်း လမ်းခရီးတွင် ပိတ်မိနေခဲ့သည်ဟု ဆိုသည်။


ပူတာအိုဒေသအတွင်း မတ်လ၈ရက်နေ့မှ စတင်ကာ KIA ၏ ထိုးစစ်ဆင် တိုက်ပွဲများ စတင်လာပြီး၊ မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းများ ရက်အကန့်အသတ်မရှိ ပိတ်ပင်လာသည့်အပြင် ယခုအချိန်ထိ နှစ်ဖက်တပ်ဖွဲ့တို့၏ စစ်ရေးအခြေအနေများလည်း တင်းမာနေဆဲ ဖြစ်သည်။


သတင်း- မလိခူး

Comments


Pajau Media

Thanks for subscribing!

bottom of page