top of page

နှစ်လနီးပါးအထိ ပြေးဆွဲနေသည့် မြစ်ကြီးနား - မိုးကောင်း မြန်မာ့မီးရထား ခရီးသည် စီးနှင်းလိုက်ပါသူ နည်းပါး

  • Writer: Pajau Media
    Pajau Media
  • Dec 19, 2023
  • 1 min read

ပါဂျောင်မီဒီယာ



ကချင်ပြည်နယ် မြစ်ကြီးနား-မိုးကောင်း ခရီးစဉ် ရထားလမ်း ပြေးဆွဲနေသည်မှာ နှစ်လနီးပါး ရှိနေပြီဖြစ်သော်လည်း ယခုအချိန်ထိ ခရီးသည်များ စီးနှင်းလိုက်ပါမှု နည်းပါးသေးကြောင်း သိရသည်။


 “ခုနောက်ပိုင်းမှာ ရထားဆိုက်ပြီး တစ်ခါဆင်းလာရင် ဆယ်ယောက်လောက်ပါလာတယ်၊ အရင်လတွေက လူမရှိဘူး” ဟု ခရီးသည်ကယ်ရီဆွဲသူ ပြည်သူတစ်ဦးက ပြောပြသည်။


မိုးကောင်းဘူတာမှ စတင်ထွက်ခွာလာသည့် ရထားသည် နံနက် ၉နာရီခန့်တွင် မြစ်ကြီးနားဘူတာသို့ ဆိုက်ရောက်လာပြီး ညနေ ၂နာရီတွင် မြစ်ကြီးနားဘူတာမှ မိုးကောင်းဘူတာသို့ နေ့စဉ်ပြေးဆွဲနေသည်မှာ တစ်လကျော်ခန့် ရှိနေပြီ ဖြစ်သည်။


မီးရထားပြေးဆွဲနေသည်မှာ ၂လနီးပါးအထိ ရှိနေပြီဖြစ်သော်လည်း ယခုလအတွင်း တပ်မိသားစုများ အပါအဝင် ခရီးသည်ဆယ်ဦးအထိ လိုက်ပါစီးနင်းသည်မှလွှဲ၍ မည်သည့်ခရီးသည်မှ စီးနှင်းသည်ကို မတွေ့ရကြောင်း ဘူတာအနီး နေထိုင်သူများ ပြော သည်။


မြစ်ကြီးနား - မိုးကောင်း မီးရထားကို ပြီးခဲ့သည့်လ နိုဝင်ဘာ (၁)ရက်နေ့မှ စတင်ပြေးဆွဲခဲ့ပြီး တစ်လအတွင်း ခရီးသည်များ အခမဲ့လိုက်ပါစီးနှင်းခွင့် ပေးထားသော်လည်း ယနေ့အချိန်ထိ ခရီးသည် လိုက်ပါစီးနှင်းတာ အနည်းငယ်သာရှိနေသေးသည်ဟု မြစ်ကြီးနား ဘူတာအနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။


“ဘယ်ခရီးသည်မှ လိုက်စီးနေတာ မတွေ့ရဘူး။ PDF တွေစာထုတ်ထားလို့ ကြောက်တာနေမှာ ဒါပေမယ့် နေ့တိုင်းတော့ ဆွဲနေတာဘဲ ဆီကုန်တာဘဲ အဖတ်တင်မှာ”


ယင်းပြည်သူများ ပြောပြချက်အရ ခရီးသည်များ လိုက်ပါစီးနှင်းခြင်း မရှိရခြင်းမှာ လွန်ခဲ့သည့် နိုဝင်ဘာ ၁ရက်နေ့၌ မိုးကောင်းကာကွယ်ရေးတပ်ဖွဲ့မှ သတိပေး ထုတ်ပြန်ချက် စာတစ်စောင် ထုတ်ပြန်ခဲ့သောကြောင့် ဖြစ်မည်ဟု သုံးသပ်ပြောဆိုနေကြသည်။


ထုတ်ပြန်ချက်ထဲမှာ မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့မှ မြစ်ကြီးနား - မိုးကောင်း ပြေးဆွဲမည့် မီးရထားတွင် လိုက်ပါစီးနှင်းမည့်သူများ၏ လုံခြုံရေး အာမမခံကြောင်းနှင့် အာဏာရစစ်တပ်မှ ပြေးဆွဲမည့် မီးရထားကို ပြည်သူများ မစီးနှင်းရန် သတိပေးလှုံ့ဆော်သည့်စာ ပါရှိထားသည်။


မြန်မာ့မီးရထားကို ၂၀၂၁ခုနှစ် နောက်ပိုင်း ပိတ်ပင်ထားခဲ့ပြီးနောက် ၂နှစ်အကြာ ယခုနှစ် နိုဝင်ဘာ (၁) ရက်နေ့မှ စတင်၍ ပြန်လည်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။


သတင်း - Hkungri


Comments


Pajau Media

Thanks for subscribing!

bottom of page