top of page

နေရပ်ပြန်နေထိုင်နေသော်လည်း လေကြောင်းတိုက်ခိုက်မှုဒဏ်၊ ပညာရေးနှင့်ကျန်းမာရေး ၊ နေထိုင်စရာအဆောက်အအုံနှင့်စားနှပ်ရိက္ခာစသည့် အခက်အခဲများစွာရင်ဆိုင်နေရသည့် စစ်ရှောင်ပြည်သူများ

  • Writer: Pajau Media
    Pajau Media
  • May 10
  • 2 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်က တစ်နေ့တစ်ခြား ပိုမို ပြင်းထန်လာနေပြီး စစ်ဘေးရှောင်လူဦးရေလည်း ပိုတိုးလာနေပေမဲ့ စိုးရိမ်မှုတွေကြားကနေ နေရပ်ပြန်သူတွေများလာနေပါတယ်။


တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပေမဲ့ နေရပ်ပြန်ပြည်သူ တွေများလာတာက စစ်ရှောင်တွေကို အကူအညီ ပေးနေတဲ့အဖွဲ့အစည်းနည်းပါး လာသည်သာမက တိုက်ပွဲအရှိန်က မြစ်ကြီးနား၊ဝိုင်းမော် ဘက်အထိဖြစ်ပွားနိုင်ခြေ ရှိလာသည့်အတွက် အဆင်မပြေမှုတွေကြားကနေ နေရပ်ပြန်ဖို့ ဦးတည်လာတာဖြစ်တယ်လို့ စစ်ရှောင်တွေဆီကသိရပါတယ်။


ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က မတ်လ(၇)ရက် ၂၀၂၄ခုနှစ် မှစတင်ခဲ့ သည့် မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက် ထိုးစစ်အတွင်း ဝိုင်းမော်မြို့အနီး ခ.လ.ရ (၅၈)နှင့် ဝူယန်ပြည်သူ့စစ်ဂိတ်က လွှဲပြီး စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ထားပြီး လက်ရှိ KIO အစိုးရ အုပ်ချုပ်မှုအောက်ရောက်ရှိနေပြီဖြစ်ပါတယ် ။


KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ဒေသများတွင် KIO အုပ်ချုပ်မှုယန္တယား လည်ပတ်နေပြီဖြစ် ပါတယ်။ နေရပ်ပြန်သည့် ပြည်သူများ သည် အရာအားလုံးကို အစကနေ ခက်ခက်ခဲခဲ စတင်နေကြရ ပါတယ်။ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေမှာ စစ်ကောင်စီဘက်က မြေပြင်ကနေ ထိုးစစ်ဆင်လာမှာကိုတော့ စိုးရိမ်စရာမရှိပေမဲ့ အချိန်နေရာမရွေး လေယာဉ်ဗုံးကြဲလေ့ရှိတဲ့အတွက် စိုးရိမ်မှုများစွာနဲ့နေထိုင်နေရတယ်လို့ နေရပ်ပြန်ပြည်သူတွေ ဆီကသိရပါတယ်။


KIA သိမ်းပိုက်ထား ပြီဖြစ်တဲ့ဒေသတွေမှာ KIO အုပ်ချုပ်မှုယန္တယား လည်ပတ်နေပြီး၊ နေရပ်စွန့်ခွာတိမ်းရှောင်နေထိုင်နေတဲ့ ပြည်သူတွေကို KIOအစိုးရက နေရပ်ပြန်ပြီးလုပ်ကိုင်စားဖို့ ပြောဆိုလာတာတွေရှိတဲ့ အတွက် အများပိုင်းနေရပ်ပြန်ဖို့ လုပ်လာတာပါ။ နေရပ်ပြန်တဲ့ ပြည်သူတွေဟာ အရာအားလုံးကို အစကနေခက်ခက်ခဲခဲ စတင်နေကြရပါတယ်။


"နေရပ်ပြန်ဆိုတာ ကျွန်တော်တို့ ဒေသက KIO အုပ်ချုပ်နယ်မြေလည်းဖြစ်နေပြီ ဆိုတော့ လယ်ယာ၊ခြံ လုပ်ကိုင်လို့ရနေပြီ၊ပြီးတော့ အခုနောက်ပိုင်းက မြစ်ကြီးနား၊ဝိုင်းမော်ဘက်လည်း တိုက်ပွဲပြင်းထန် လာမှာလည်းစိုးရိမ်ရတယ် ။ ဖြစ်လာရင်တော့ ပိုတောင်ခက်ခဲလာနိုင်တယ် ၊ဒါကြောင့် ကိုယ်ရွာမှာပဲ ခက်ခဲလည်းခက်ခဲ ဆိုပြီးလုပ်ကိုင်ဒါပဲ အကောင်းဆုံးပေါ့ ၊စစ်ရှောင်တွေအတွက် အကူအညီလည်း အရင်လိုမရတော့ဘူးဆိုတော့ နေရပ်မှာပဲ မဖြစ်၊ဖြစ်တဲ့နည်းနဲ့ လုပ်ကိုင် စားသောက်ဖို့ပဲရှိတော့တယ်, တခြားလက်နက်ကြီးပစ်မှာတော့ မကြောက်တော့ဘူး အခုလေယာဥ်ဗုံးကြဲမှာ တော့ကြောက်ရတယ်, စိုးရိမ်မှု ပေါင်းနဲ့ နေနေ ရတဲ့ အခြေအနေပါ "လို့ ဂါးရာယန်ဒေသခံတစ်ဦးကပြောပါတယ်။


လက်ရှိ နေရပ်ပြန်နေတဲ့ ပြည်သူတွေ က ဂါးရာယန်၊ကဇူး၊တဘတ်ယန်၊ ဂျာဘူနဲ့ မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက် KIO ထိန်းချုပ်နယ်မြေဒေသတွေက ပြည်သူတွေ အများပိုင်း ဖြစ်ကြောင်းသိရပါတယ်။


နေရပ်ပြန်နေပြီဖြစ်နဲ့ စစ်ရှောင်ပြည်သူတွေဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်ကစတင်ခဲ့တဲ့ တိုက်ပွဲကြောင့် ဝိုင်းမော်၊မိုင်းနားKBC camp၊ RC campနှင့် မြစ်ကြီးနားမြို့အတွင်း ဘာသာရေးဘုရားကျောင်း တွေမှာ စစ်ရှောင်နေထိုင်တဲ့ ပြည်သူတွေဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေကို လွန်ခဲ့တဲ့ ၂၀၂၀ခုနှစ်က ကချင်နှစ်ခြင်းဘာသာရေး အဖွဲ့အစည်းဖြစ်တဲ့ KBC မှ ဦးဆောင် ပြီး နေရပ်ပြန်နိုင်ရေး လုပ်ဆောင်စဥ်က တည်ဆောက်ပေးတဲ့ နေအိမ်တွေရှိပေမဲ့ နေရပ်ပြန်ပြည်သူတစ်ချို့ စားသောက်ရေးနဲ့ နေရာထိုင်ခင်း ဆောက်လုပ်ဖို့ခက်ခဲနေကြပါတယ်။


စစ်ရှောင်လာတာ ဆယ်စုနှစ်တစ်စုကြာလာပြီ ဖြစ်တဲ့အတွက် အစကနေစတင်ရတယ် ၊ ငွေကြေးပြေလည်တဲ့အိမ်ထောင်စုတွေ က တစ်ခါတည်း အိမ်ဆောက်ပြီးနေ ထိုင်နိုင် ကြပေမဲ့ တစ်ချို့က ယာယီတဲ တည်ဆောက်ဖို့တောင် ခက်ခဲကြောင်းလည်းသိရပါ။


လက်ရှိ နေရပ်ပြန်ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲပြသနာတစ်ခုက ကျန်းမာရေးအခြေအနေဖြစ်ပါတယ်။ KIO အုပ်ချုပ်နယ်မြေတွေမှာ ပညာရေး၊ကျန်းမာရေးနဲ့ပတ်သက်ပြီးလိုအပ်ချက်တွေ များစွာရှိနေပါတယ်၊နေရပ်အတွင်း ဆေးရုံဆေးခန်းတွေ ကိုစနစ်တကျ မလုပ်ဆောင်နိုင်သေးတာကြောင့် မိသားစုအတွင်း သက်ကြီးရွယ်အိုရှိသူတွေ၊ နာတာရှည်ဖျားနာသူတွေ အတွက် နေရပ်ပြန်ဖို့က များစွာစဥ်းစားစရာဖြစ်နေတယ် လို့လည်းဆိုပါတယ်။ ကျောင်းနေအရွယ် ကလေးများတဲ့ မိသားစုနဲ့သက်ကြီးရွယ်အို ရှိတဲ့မိသားစုတွေက ဆေးရုံဆေးခန်း မရှိတဲ့အတွက် မပြန်ရဲတဲ့သူတွေလည်းရှိကြောင်း ယခုလိုပြောပါတယ်။


"လက်ရှိ နိုင်ငံရေးကြောင့် အလုပ်အကိုင်ကခက်၊ ဝင်ငွေကမရှိ ကျောင်းတက်အရွယ် ကလေးကများတဲ့ မိသားစုတွေကပိုခက်တာပေါ့၊ နေရပ်မှာလည်း ဆေးရုံဆေးခန်း က မရှိတော့ ကျန်းမာရေးအတွက် စိုးရိမ်ရတယ် ၊ သက်ကြီးရွယ်အို ရှိတဲ့ သူတွေပေါ့ ၊အဲတာကြောင့် တစ်ချို့ကမပြန်ရဲသေးဘူး စစ်ရှောင်စခန်းတွေ မှာပဲနေရသေးတာပေါ့"

လို့ပြောပါတယ်။


မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် တိမ်းရှောင်သူ လူဦးရေတစ်သန်း(၁,၃၇၅,၉၀၀)နီးပါး ရှိနေပြီဖြစ်ကြောင်း UNHCR ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က စစ်မြေပြင်မှာ ရှုံးနိမ့်လာတိုင်း ဒေသခံပြည်သူတွေနေထိုင် တဲ့ စစ်ရှောင်စခန်းတွေအထိ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် နေရပ်ပြန်နေပြီ ဖြစ်သော်လည်း စိုးရိမ်မှုတွေနဲ့နေနေရတယ် လို့ဆိုပါတယ်။


လက်ရှိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက မြန်မာနိုင်ငံမှာ မတ်လ၂၈ရက်နေ့ ကစတင်ဖြစ်ပွားသည့် ပြင်းအား ရစ်ချ်တာစကေး ၇.၇ ရှိသည့် ငလျင်ဒဏ်ကြောင့် နိုင်ငံ အတွင်းပျက်စီးဆုံးရှုံးမှုတွေများစွာဖြစ်နေတာကြောင့် ပြန်လည်ထူရေးလုပ်ဆောင်ရန် တစ်နိုင်ငံလုံး အပစ်ရပ်ကြောင်းစစ်ကောင်စီက သုံးကြိမ်ထုတ်ပြန်ထားပေမဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုက ရပ်တန့် ခြင်းမရှိပါဘူး။


အပစ်ရပ် ထုတ်ပြန်တဲ့ အချိန်အတွင်းမှာကချင်ပြည်နယ်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတဲ့နယ်မြေတွေမှာ စစ်အင်အားတိုးချဲ့တာ၊ လေယာဥ်၊ဒရုန်းများနဲ့တိုက်ခိုက်တာတွေပိုမိုလုပ်ဆောင်နေတာဖြစ်ပါတယ်။


အပစ်ရပ်ကာလ ဧပြီလအတွင်းမှာ ကချင်ပြည်နယ်၊ဗန်းမော်ဒေသနှင့် မြစ်ကြီးနား ကားလမ်းပိုင်းတစ်လျှောက် ထိုးစစ် လုပ်ဆောင်နေသည်မှာ လက်ရှိအချိန်ထိဖြစ်ပါတယ်။တိုက်ပွဲ ပြင်းထန်လာတာကြောင့် လက်ရှိမြစ်ကြီးနား-ဖားကန့်လမ်းတစ်လျှောက် နဲ့ တနိုင်းလီဒို လမ်းမ တစ်လျှောက်ကျေးရွာက ပြည်သူထောင်ချီ တောတောင်ဘက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။


လက်ရှိ ကချင်ပြည်နယ်မှာ စစ်ရှောင် ပြည် သူတစ်ချို့က နေရပ်ပြန်နေထိုင်နေပြီ ဖြစ်သော်လည်း တိုက်ပွဲကတစ်နေ့တစ်ခြား ပြင်းထန်လာတာကြောင့်ထပ်မံ တိမ်းရှောင် လာသူတွေလည်း နေ့တိုင်းလိုလိုရှိနေဆဲ ဖြစ်ပါတယ်။


ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page