နေရပ်ရင်းသို့ မပြန်နိုင်သည့် စစ်ရှောင်များအတွက် ဝန်ကြီးချုပ်မှ နေစရာ စီစဉ်ပေးမည်
- Pajau Media

- 5 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၀ရက်၊ဇန္နဝါရီ၊၂၀၂၆။

မိုင်းနား KBC စစ်ရှောင်စခန်းမှ စစ်ရှောင်အများစုမှာ မိမိနေရပ်ရင်းသို့ ပြန်နေကြပြီဖြစ်သော်လည်း အကြောင်းအရင်းအမျိုးမျိုးကြောင့် မပြန်နိုင်သေးသည့် စစ်ရှောင်များကိုမူ ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန်တို့အဖွဲ့မှ နေရာထိုင်ခင်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ရှောင်များထံမှ သိရသည်။
“မနေ့က စခန်းမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်ခက်ထိန်နန် လာသွားတယ်။ ဝန်ကြီးကလဲ နေရပ်ရင်းပြန်ဖို့ပဲ အများစုပြောသွားတယ်။ ဒါပေမယ့် အကြောင်းမျိုးမျိုးကြောင့် မပြန်နိုင်တဲ့ သူတွေကိုတော့ နေစရာစီစဉ်ပေးမယ်တဲ့။ တည်ဆောက်ဖို့တော့ ခုနေတဲ့အိမ်ကို ဖြိုပြီးပြန်အသုံးပြုရမယ်။” ဟု မိုင်းနားစစ်ရှောင်တစ်ဦးက ပြောသည်။
မိုင်းနားKBCစစ်ရှောင်စခန်းမှာ မတ်လတွင် စခန်းဖျက်သိမ်းတော့မည်ဖြစ်ပြီး၊ ဆယ်စုနှစ်ကျော် နေထိုင်လာသည့် စစ်ရှောင်အများစုက နေရပ်ရင်း ပြန်နေကြသလို အချို့စစ်ရှောင်များမှာ နေရပ်ရင်းပြန်ရန် ခက်ခဲနေကြသေးသောကြောင့် ဝန်ကြီးချုပ်ထံ တောင်းဆိုရာ ယခုကဲ့သို့ စီစဉ်ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက်ရှိ ကျေးရွာ/ရပ်ကွက်များတွင် KIAထိန်းချုပ်နယ်မြေဖြစ်သော်လည်း လုံခြုံရေးအတွက် ယုံကြည်ရသည့် အခြေအနေ မဟုတ်သေးကြောင်း သိရသည်။
စခန်းဖျက်သိမ်းပြီးနောက် ဝန်ကြီးချုပ် စီစဉ်ပေးမည့် နေရာတွင် နေထိုင်မည့် စစ်ရှောင်ဦးရေမှာ အားလုံးပေါင်း (၁၅၀)နီးပါး ရှိနေကြောင်း သိရသည်။
လက်ရှိ ကချင်ပြည်နယ်တွင်း ထိတွေ့တိုက်ပွဲမှာ နေ့စဉ်ပိုမိုပြင်းထန်လာနေချိန် စစ်ရှောင်များ ပိုမိုတိုးမြင့်နေသော်လည်း မိုင်းနားစခန်းက ဖျက်သိမ်းတော့မည်ဖြစ်သောကြောင့် ပြီးခဲ့သည့် နှစ်များတကည်းက စစ်ရှောင်လက်မခံတော့ကြောင်း သိရသည်။
သတင်း- ပီလမ့်အူ




Comments