နန်းခွင်ကျေးရွာ ဆေးရုံဝင်းထဲတွင် ရှမ်းနီအမျိုးသားများတပ် (SNA) တပ်ဖွဲ့မှ တပ်စွဲထားပြီး ဆေးရုံရှေ့တွင် အခွန်ကောက်ခံနေ
- Pajau Media

- Apr 8, 2024
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။

မိုးကောင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော SNA တပ်သားများသည် ဧပြီလ ၅ ရက်နေ့ နံနက် ၅ နာရီအချိန်မှစ၍ နန်းခွင်ဆေးရုံအတွင်းထဲထိ တပ်စွဲကာ ဆေးရုံရှေ့လမ်းပေါ်မှ လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးမှုအပြင် အခွန်ကောက်ခံနေကြောင်း နန်းခွင်ဒေသခံများက ပြောသည်။
"မနေ့ မနက်ကထဲက ဆေးရုံထဲတပ်စွဲထားတာ။ အရပ်ဝတ်ကို အပေါ် ကျည်ကာဝတ်စုံ အမည်းရောင် ဝတ်ထားတာ။ ဆေးရုံအရှေ့က ကားလမ်းမပေါ်မှာ လမ်းသွားလမ်းလာတွေကို စစ်တယ်။ ကားတွေကို ပိုက်ဆံတောင်းတယ်။ ကားတစ်စီးက ပိုက်ဆံတစ်ထောင်ပေးလိုက်တာ နည်းလို့ဆိုပြီး ရစ်နေတာ ကားကိုမထွက်ခိုင်းဘူး"ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။
ယင်းတပ်များသည် နန်းခွင်ဆေးရုံအတွင်း တပ်စွဲကာ ဆေးရုံရှေ့လမ်းမှ ဖြတ်သွားဖြတ်လာ ပြည်သူများကို မေးမြန်းစစ်ဆေးခြင်းနှင့် အခွန်ကောက်ခံခြင်းများပါ လုပ်ဆောင်နေခြင်းဖြစ်သည်။
နန်းခွင်ဆေးရုံသည် ဆောက်လုပ်ပြီးစီးထားသည်မှာ မကြာသေးကြောင်းနှင့် ဆေးရုံဖွင့်ပွဲပင် မပြုလုပ်ရသေးသော ဆေးရုံသစ်ဖြစ်ကာ၊ ဆေးရုံအတွင်း တပ်စွဲနေထိုင်သော SNA တပ်သားများလည်း အင်အား (၃၀)ခန့်ရှိနေကြောင်း သိရသည်။
ထို့အပြင် အင်အား (၃၀)ခန့်ရှိသည့် SNA တပ်သားများသည် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်း၍ မိုးညှင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ရပ်ရွာများသို့ စစ်ကြောင်းထိုး လှုပ်ရှားနေကာ လူငယ်များအား စုဆောင်းရေးဆွဲခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် နန်းခွင်အနီးရှိ ကြာကြီးကွင်း ပြည်သူ့စစ်ဂိတ်သည် နန်းခွင်စစ်တပ်၏ လက်အောက်ခံ ဖြစ်ကြောင်း ထပ်မံသိရသည်။
သတင်း - ကချင်ပြည်သား




Comments