top of page

နန့်စီးအောင်ဂိတ်တွင် ခရီးသွားလူငယ်များ အစုလိုက် အပြုံလိုက်ဖမ်းဆီးခံရ ပါဂျောင်မီဒီယာ

  • Writer: Pajau Media
    Pajau Media
  • Feb 23, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ ရက်၊ ဖေဖော်ဝါရီ လ၊ ၂၀၂၄ ခုနှစ်



စစ်ကိုင်းဖက်မှ ကချင်ပြည်နယ်သို့ အလုပ်လုပ်ရန်တက်လာကြသောလူငယ်များအား ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင် နန့်စီးအောင်ဂိတ် စစ်ကောင်စီတပ်မှ စစ်ဆေးမြန်းပြီး လူငယ်အယောက် (၄၀) ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဂိတ်နှင့်နီးစပ်ရာအသိုင်းအဝိုင်းမှသိရသည်။


"စစ်တပ်ကမော်ဟန်မှာ‌ ဖေဖော်ဝါရီ (၁၈) ရက်‌နေ့ကလူငယ်အ‌ယောက် ၅၀‌ ပေးရမယ်ဆိုပြီးလူတောင်းတာ၊ မော်ဟန်ကမှော်နယ်မြေဆိုတော့ ရွာထဲမှာလူငယ်တွေက သိပ်မရှိတော့ဘူးပေါ့၊ ဒါနဲ့ ရွာကအုပ်ချုပ်‌ရေးပိုင်းနဲ့ ဘယ်လိုညှိလိုက်ကြလဲတော့မသိဘူး၊ ဖေဖော်ဝါရီ ၁၉ ရက်ကျ နန့်စီးအောင်ဂိတ်မှာ စောင့်ပြီးဖမ်းတာ၊ မိုးညှင်းမြို့ ဆယ်မိုင်အကျဉ်းထောင်ကရဲတွေနဲ့ ထောင်ကားတွေနဲ့ စောင့်ဖမ်းကြတယ်၊ မှတ်ပုံတင်ကအသက်ကိုကြည့်တယ်၊ ၂၀ ကျော်နဲ့ ၃၀ အရွယ် လူငယ်တွေကိုချည်းဘဲ ဖမ်းခေါ်သွားတာ"ဟု မော်ဟန်ရွာသားအမျိုးသားတစ်ဦးကပြောသည်။


ယင်းကဲ့သို့ဖမ်းဆီးမှုဖြစ်ပြီးနောက် ကချင်ပြည်နယ်အထက်ပိုင်းမှ စစ်ကိုင်းသို့ ဆင်းသည့်ကားများ နည်းသွားပြီး ခရီးသည်တင်ယာဉ်နှင့် ကုန်ကားများတွင် အမျိူးသမီးယာဉ်မောင်းများနှင့် အမျိုးသမီးစပါယ်ယာများ လိုက်ပါလာခြင်းများ များလာကြောင်း ထပ်မံသိရသည်။


စစ်ကိုင်းနှင့်ကချင်ပြည်နယ်အစပ်တွင် ယခင်က နန့်စီးအောင်ဂိတ်တခုသာ ရှိသော်လည်း စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးသည့် အချိန်မှစ၍ ဆယ်မိုင်အထွက်တွင်တစ်ဂိတ်၊ သာယာကုန်း‌နှင့် ညောင်ကိုင်းကြားတွင် ဂိတ်တစ်ဂိတ်၊ နန့်ပုတ်ကျေးရွာထိပ်တွင် ဂိတ်တစ်ဂိတ် တိုးမြှင့်ထားကြောင်း နန့်ပုတ်ရွာသားတဦးမှထံမှသိရသည်။


စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်မှစ၍ မော်ဟန်တွင် ညရှစ်နာရီနှင့် မနက်ခြောက်နာရီ မာရှယ်လောထုတ်ပြန်ထားပြီး လမ်းလျှောက်ထွက်သော လူငယ်များနှင့် ကန်ဘောင်တွင်ချိန်းတွေ့ သောလူငယ်အတွဲများအား ဖမ်းဆီးလာခြင်းများရှိကြောင်းထပ်မံသိရသည်။ ယမန်နေ့က မိုးညှင်း-မြစ်ကြီးနားလမ်းပိုင်းတွင် ခရီးသွားပြည်သူများအား နမ္မတီးဗျူးပွိုင့်စစ်တပ်ဂိတ်တွင် စစ်တပ်မှတားဆီးစစ်ဆေးရာတွင် မှတ်ပုံတင်မှ အသက်နှင့် ၅/၁၂/၁၃/ကိုကြည့်၍ စစ်‌ဆေးဖမ်းဆီးကြောင်း ခရီးသွားပြည်သူများကပြောသည်။


သတင်း ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page