top of page

နန့်မွန်းမြို့မှ နတ်ကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

  • Writer: Pajau Media
    Pajau Media
  • Mar 26, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှ နတ်ကြီးကုန်းရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်ဆိုသူကို ယနေ့ မတ်လ ၂၆ရက်နေ့ နံနက် ၄နာရီ ၁၅မိနစ်အချိန်ခန့်က နန့်မွန်းဈေး၌ အမည်မသိ လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


"ဦးဌေးအောင်မိန်းမက မနက်ဈေးမှာ ဟင်းပေါင်းရောင်းတာ သူက ဈေး‌ထဲ အမြဲလိုက်ပို့နေကျဘဲ၊ ဒီမနက်ဈေးမှာ ဆုံလို့တောင် နှုတ်ဆက်လိုက်သေးတယ်၊ ၄နာရီကျော်လောက်ကျတော့ သေနတ်သံကြားရတယ်။ ပစ်ခတ်ခံရတဲ့နေရာမှာဘဲ သေသွားတယ်တဲ့" ဟု နန့်မွန်းဈေးတွင် ဈေးရောင်းသော အမျိုးသမီးကပြောသည်။


သေဆုံးသူ ဦးဌေးအောင်သည် အသက်၅၃နှစ်အရွယ်ရှိသူဖြစ်ပြီး၊ ယနေ့နံနက် ဇနီးဖြစ်သူအား ဈေးသို့သွားပို့စဉ် ပစ်သတ်ခံရခြင်းဖြစ်ပြီး၊ နားထင်နှင့် လက်တို့တွင်‌ ဒါဏ်ရာရရှိကာ၊ ပစ်သတ်ခံရသည့် ဈေးနေရာမှာပင် ချက်ချင်းသေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် ရုပ်အလောင်းကို မြစ်ကြီးနားဆေးရုံသို့ သယ်ယူပို့ဆောင်ထားကြောင်းလည်း ထပ်မံသိရှိရသည်။


ပစ်ခတ်ခံရမှုနှင့် ပတ်သတ်၍ ဒေသခံများ ပြောကြားချက်အရ မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခံရသည်ကို တိတိကျကျ မသိရသော်လည်း၊ ဦးဌေးအောင်သည် စစ်မှုထမ်းစာရင်းကောက်ခံရာတွင် ပါဝင်ပတ်သတ်နေခြင်းကြောင့် PDFမှ လာရောက်ပစ်ခတ်တာ ဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။


အင်းတော်ကြီးဒေသတွင် စစ်မှုထမ်းစာရင်းကောက်ခံခြင်းမပြုရန် PDF များမှ သတိပေးစာများကို နန့်မွန်းပန်းခြံအနီးတွင် ကပ်ထားကြောင်းလည်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page