top of page

နန့်ယားတိုက်ပွဲကြောင့် ဖားကန့် အတက်အဆင်း ကားလမ်းများ ပိတ်ပင်ထား

  • Writer: Pajau Media
    Pajau Media
  • Apr 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။




ဖားကန့်မြို့၊ ဝှေခါရပ်ကွက် နန့်မွန်းတောင်မှ ဖားကန့်-မန္တလေးသွား ကားလမ်း အတက်အဆင်းလမ်းများကို ယမန်နေ့ ဧပြီလ ၁၀ရက် နေ့လည် ၂နာရီခန့်မှစ၍ အကန့်အသတ်မရှိ ပိတ်ပင်ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။


"ကျွန်မက ဖားကန့်မှာ တာဝန်ကျနေတာ အခု မိုးညှင်းက မိဘအိမ်ကိုခဏပြန်တာ။ မနက်ဖြန် ဖားကန့်ပြန်တက်မလို့ လုပ်ထားတာ။ ဒီကနေ့ နေ့လည်မှာဘဲ လမ်းကပိတ်လိုက်ပြီမို့ ပြန်လို့မရတော့ဘူး။" ဟု ဖားကန့်တွင် တာဝန်ကျနေသော ကျောင်းဆရာမတစ်ဦးက ပြောသည်။


မြစ်ကြီးနား-ဖားကန့်သွားလမ်းပေါ်တွင် တည်ရှိသော နန့်ယားကျေးရွာတွင် စစ်ကောင်စီနှင့် KIAပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသောကြောင့် လမ်းများအားလုံး ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။




ဧပြီလ ၉ ရက်နေ့မှစပြီး နန့်ယားကျေးရွာမှ စစ်ကောင်စီတပ် ခမရ (၁၂၀) ကို KIA ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက်ပိုင်းအချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်ကာ၊ နံနက်ပိုင်း ၇နာရီဝန်းကျင်တွင် စစ်တပ်မှ အလံဖြူထောင် လက်နက်ချခဲ့ခြင်းကြောင့် KIAမှ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။


တိုက်ပွဲပြင်းထန်သည့်အတွက် နန့်ယားဒေသခံများမှာ စစ်ရှောင်နေကြရပြီး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်မှုများ ရှိနေသည့်အပြင် နန့်ယား၊ ကပ်မှော်ဇွပ်နှင့် ဆိုင်းဖရာကျေးရွာမှ ဒေသခံများလည်း ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page