နမ်ထွမ်ခူးကျေးရွာအုပ်စုတွင် စစ်ကောင်စီမှ စစ်ဆေးရေးဂိတ်ချထားသဖြင့် ဒေသခံများနှင့် ခရီးသွားပြည်သူများ သွားလာရေးအကြပ်အတည်းဖြစ်နေ
- Pajau Media

- Apr 17, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၇ရက်၊ဧပြီလ၊၂၀၂၅။
ပူတာအိုမြို့နှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းပေါ်ရှိ နမ်ထွမ်ခူးကျေးရွာအုပ်စုတွင် စစ်ကောင်စီ၏ ဗျူဟာကာကင်းစခန်းတစ်ခုမှ စစ်ဆေးရေးဂိတ်ချထားသဖြင့် ဒေသခံများနှင့် ခရီးသွားပြည်သူများ သွားလာရေးအကြပ်အတည်းဖြစ်လာကြောင်း သိရသည်။
"ခလရ(၄၆)တပ်က ဂိတ်ထိုင်ထားတာမကြာသေးဘူး၊ သူတို့အဲ့မှာဂိတ်ထိုင်လိုက်တဲ့ နောက်ပိုင်းကနေ ငါတို့နမ်ထွမ်ခူးအုပ်စုက လူတွေမြို့ထဲကို အရင်လို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာလို့ အဆင်မပြေတော့ဘူး။ စစ်ဆေးရေးတင်းကြပ်ထားတယ်။” ဟု ဒေသခံတစ်ဦးမှ ပြောပြသည်။
အဆိုပါ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းချိန်တွင် စတင်ဂိတ်ချထားခဲ့ပြီး လက်ရှိတွင် လမ်းသွားလမ်းလာ ဒေသခံများ၊ ခရီးသွားများကို စစ်ဆေးရေးတင်းကြပ်စွာ ဆောင်ရွက်နေခြင်းဖြစ်သောကြောင့် အကြပ်အတည်းဖြစ်ရသည်ဟု ဆိုသည်။
“အရင်ကဆို မနက်အစောကြီး ရွာကနေ မြို့ထဲကို မနက်ဈေးသွားရောင်းကြတဲ့သူတွေ အများကြီးရှိတယ်၊ ညနေမိုးချုပ်လည်း သွားလို့လာလို့ရတယ်။ အခုဆိုမရတော့ဘူး၊ ဈေးသည်တွေလည်း သွားလို့အဆင်မပြေတော့ဘူး၊ ဒါတွေတင်မကဘူး တိမ်ပင်လယ်ကို လာလည်ကြမယ့် ဧည့်သည်တွေတောင် မနက်အစောကြီး ဂိတ်ကိုဖြတ်ပြီးမှ လာရတယ်ဆိုတော့ အဆင်မပြေတော့ဘူးလေ၊ ညအိပ်ခရီးနဲ့မှ သွားလို့ရမယ့် အခြေအနေဖြစ်သွားပြီ" ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
စစ်ဆေးရေးတင်းကြပ်သည့်အပြင် ရံဖန်ရံခါ ဖြတ်သွားဖြတ်လာ ဒေသခံများအား ဂိတ်စောင့်စစ်သားများမှ လမ်းကြုံကား၊ဆိုင်ကယ်ချောဆွဲခြင်း၊ ရေခပ်ခိုင်းခြင်း စသည်ဖြင့် လုပ်ဆောင်ခိုင်းတတ်ကြောင်းလည်း ထပ်မံပြောသည်။
နမ်ထွမ်ခူးကျေးရွာအုပ်စုသည် အိမ်ထောင်စု(၄၀၀)ကျော်မှီတင်းနေထိုင်ကြသည့် ပူတာအိုမြို့အနောက်ဘက် (၁၆)မိုင်အကွာတွင် တည်ရှိသည့်ကျေးရွာအုပ်စုဖြစ်ပြီး၊ အဆိုပါစစ်ဆေးရေးဂိတ်ကိုလည်း ခရီးသွားပြည်သူ အများအပြား သွားရောက်လည်ပတ်လေ့ရှိသည့် နမ်ထွမ်ခူး တိမ်ပင်လယ် အရှေ့တည့်တည့်တွင် ဂိတ်ချထားခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း- မလိခူး










Comments