နယ်စပ်ဒေသ ရေကြီးမှုတွင် လူ ၆ ဦးသေဆုံးပြီး၊ လူဦးရေ ၅ထောင်ခန့်ရေဘေးသင့်
- Pajau Media

- Aug 6, 2025
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ သြဂုတ်၊ ၂၀၂၅။
(KIO/KIA)ဌာနချုပ် လိုင်ဇာမြို့အနီးတစ်ဝိုက် ရေကြီးရေလျှံမှုအတွင်း လူ ၆ ဦးသေဆုံးကာ လူဦးရေ ၅ ထောင်ခန့်မှာ ရေဘေးသင့်ကာ အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ဩဂုတ် ၄ ရက်နေ့ နံနက်အစောပိုင်းကတည်းက မိုးသည်းထန်စွာရွာပြီး ဂျေယန့်ချောင်းရေကြီးလာကာ ဆွတ်မူအောင်၊ ဖုန်လွမ်ယာန်နှင့် ဂျေယာန့်တို့ရှိ စစ်ရှောင်စခန်းများ ရေစီးနှင့်အတူ မျောပါသွားပြီး နုန်းများထူထပ်ဖုံးလွှမ်းနေသောကြောင့် ဒေသခံပြည်သူများမှာ လက်ရှိဘုရားကျောင်းနှင့် ဘေးလွတ်ရာနေရာများတွင် ခိုလှုံနေကြရသည်။
ပြည်သူ ၆ ဦး သေဆုံးခဲ့သည့်အပြင် နေအိမ်အလုံး ၄၆၀ နှင့် တံတား ၇ စင်း ထိခိုက်ပျက်စီးသွားပြီး၊ လိုင်ဇာနှင့် တာကောချောင်းတံတားကြား လမ်းနေရာ ၆ ခုမှာ မြေပြိုခဲ့ကာ သွားရေးလာရေး ခက်ခဲနေကြောင်း သိရသည်။
ရေဘေးသင့်ခဲ့သည့် ကျေးရွာများမှာ ဖွမ်မိုင်ယန်၊ ဆွတ်မူအောင်၊ ဖွမ်လွမ်ယန်၊ ဂျေယန့် စစ်ရှောင်စခန်းအပြင် ဂျာထူကောင်နှင့် မုန်းဆိုင်ယန်တို့ဖြစ်သည်။
ရုတ်တရက် ရေကြီးလာမှုကြောင့် နေအိမ်များထိခိုက်ပျက်စီးသည့်အပြင် စာသင်ကျောင်း၊ မူကြိုကျောင်းနှင့် ဘုရားကျောင်းများ ထိခိုက်ပျက်စီးသွားကြောင်းလည်း သိရသည်။
ရေကြီးရေလျှံဖြစ်မှုကြောင့် လျှပ်စစ်မီးတိုင်များ ကျိုးကျပျက်စီးသွားပြီး လိုင်ဇာမြို့ အပါအဝင် နယ်စပ်တလျောက် မီးမရသည့် အခြေအနေဖြစ်နေကြောင်း သိရသည်။
သို့သော် လက်ရှိ ထိခိုက်ပျက်စီးသွားတဲ့ လမ်း၊ တံတား၊ လျှပ်စစ်မီးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ယူ ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။
သတင်း-ဖရိန်း
















Comments