top of page

နယ်စပ်ဒေသရှိ ကြံစိုက်တောင်သူများမှာ ဈေးနှိမ်ဝယ်ယူနေသည့် တရုတ်ဘက်သို့သာတင်ပို့ရောင်းချနေရ

  • Writer: Pajau Media
    Pajau Media
  • Feb 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



ကချင်ပြည်နယ်၊ တရုတ်နယ်စပ် ဒေသတစ်လျှောက် ကြံစိုက်တောင်သူများမှာ ကြံဈေးမရဘဲ အရှုံးပေါ်နေသော်လည်း အိမ်နီးချင်းတရုတ်နိုင်ငံကိုသာ တင်ပို့ရောင်းချနေရသည်ဟု ကြံစိုက်တောင်သူ ဒေသခံများက ပြောသည်။


ကြံစိုက်တောင်သူတစ်ဦးက ကြံများကို တရုတ်ဘက် တင်ပို့ရောင်းချနေရခြင်းမှာ လမ်းခရီးခက်ခဲခြင်း၊ လမ်းများပိတ်ထားခြင်း၊ အခြားနေရာများသို့ ကုန်သွယ်ရန် ခက်ခဲခြင်းနှင့် အနီးဆုံးမှာ တရုတ်သာရှိနေခြင်းတို့ကြောင့် တင်ပို့ရောင်းချနေရခြင်းဖြစ်သည်ဟု ပြောသည်။


ယခင်အချိန်တွင် ကြံတစ်တန်ကို တရုတ်ငွေယွမ်(၄၅၀)အထိ ဈေးရရှိခဲ့ပေမယ့်၊ ကိုဗစ်ကာလနောင်းပိုင်းတွင် ကြံတစ်တန်လျှင် ယွမ်(၃၅၀)သာ ဈေးရရှိတော့သည့်အပြင် လက်ရှိအချိန်ထိ ကြံကို အဆိုပါဈေးနှုန်းထက် ထပ်တိုးပေးဝယ်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။


ဒေသခံများမှာ ကြံဈေးနှုန်းမရဘဲ တရုတ်ကုမ္ပဏီကိုသာ တင်ပို့ရောင်းချနေရသလို စိုက်ခင်းအတွင်း အသုံးစရိတ်နှင့် တရုတ်ဘက်သို့ တင်ပို့ရာတွင် ကြံတင်ကားတစ်စီးကို တရုတ်ငွေယွမ်(၈၀)၊ မြန်မာကျပ်ငွေ ကျပ်လေးသောင်းကျော်ထိ ပေးဆောင်နေရသောကြောင့် အရှုံးပေါ်ကာ အခက်အခဲဖြစ်နေကြသည်ဟု ဆိုသည်။


ကြံစိုက်တောင်သူများမှာ ပြီးခဲ့သည့် ၂၀၂၄ခုနှစ်တွင် ကြံဝယ်ယူသည့် တရုတ်ကုမ္ပဏီများကို ကြံဈေးနှုန်း တိုးမြင့်ပေးရန် စာတင်ပြီး ဆွေးနွေးတိုင်ပင်ပြောဆိုခဲ့သော်လည်း တိုးမြင့်ပေးခြင်းမရှိကြောင်း ကြံစိုက်တောင်သူများက ပြောသည်။


နယ်စပ်ဒေသရှိ ပြည်သူအများစုမှာ ကြံစိုက်ခင်းအား မိသားစုဝမ်းစာအဖြစ် အဓိကလုပ်ကိုင်စားသောက်လာခဲ့ကြသည်မှာ ဆယ်စုနှစ်တစ်ခုအထိ ကြာမြင့်နေပြီဖြစ်ပြီး၊ ကြံများကိုတော့ ဒီဇင်ဘာလမှ မတ်လအထိ ခုတ်ကြရသည်။


ထို့ပြင် နှစ်စဉ်နှစ်တိုင်း အိမ်နီးချင်းတရုတ်နိုင်ငံမှ ကြံဝယ်ယူသည့် တရုတ်ကုမ္ပဏီများကိုသာ တင်ပို့ရောင်းချကြကြောင်း သိရသည်။


သတင်း - ရောင်နီ


Comments


Pajau Media

Thanks for subscribing!

bottom of page