top of page

ပူတာအို-ခေါင်လန်ဖူးကားလမ်းပိုင်းရှိ လမ်း၊တံတားများတောင်ပြို၍ သွားလာရေးခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Mar 19, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၉ရက်၊မတ်လ၊၂၀၂၅။



ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် မတ်လဆန်းပိုင်းမှစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေသောကြောင့် ပူတာအို-ခေါင်လန်ဖူး ကားလမ်းတစ်ကြောရှိ တောင်၊ကမ်းပါး၊တံတားများ မြေပြို၍ လမ်းကြောပိတ်ဆို့မှုများ ရှိနေကြောင်း သိရသည်။


"ခေါင်လန်ဖူး ကားလမ်းပိတ်နေတာ အခုဆို တစ်ပတ်ကျော်ရှိပြီ၊ ကားတွေဆိုင်ကယ်တွေ သွားလို့မရသေးဘူး။ ခေါင်လန်ဖူးဘက် တက်မယ့်လူတွေ အခုထိ ပူတာအိုမှာသောင်တင်နေကြတုန်းဘဲ၊ ကားတွေထွက်လို့မရသေးဘူးလေ။ နောက်ထပ်တစ်ပတ်လောက်နေပူမှ လမ်းခြောက်မယ်၊ မြေပြိုထားတဲ့နေရာတွေမှာ ပြုပြင်ရအုံးမယ်။ အခုထိတော့ ဆန်းလွတ်ချက် တောင်ကြားလမ်းအထိလောက်ပဲ ကားလမ်းပေါက်နေတယ်" ဟုကားသမားတစ်ဦးမှ ပြောပြသည်။




ကားသမားအချို့ပြောပြချက်အရ ခေါင်လန်ဖူးကားလမ်း ပိတ်ဆို့နေသောကြောင့် ခေါင်လန်ဖူးတက်မည့် ခရီးသွားများ ပူတာအိုမြို့တွင် သောင်တင်နေကြသလို၊ ကားလမ်းပြုပြင်ရန်လည်း အချိန်ကြာနိုင်သေးကြောင်း သိရသည်။


ပုံမှန်အချိန်တွင် ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့နယ် ရီဒမ်းကျေးရွာအထိ ကားများသွားလာ နေခဲ့သော်လည်း မတ်လဆန်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းကြော ပိတ်ဆို့ကာ ကား၊ဆိုင်ကယ်များ သွားလာမရဘဲ လမ်းပိတ်ဆို့နေသည်ဟု ဆိုသည်။


ခေါင်လန်ဖူးမြို့နယ်ရှိ ဒေသခံများမှာ ဟင်းခတ်သီးနှံဖြစ်သည့် ရှားကောများကို ပူတာအိုမြို့သို့ တင်ပို့ရောင်းဝယ်နေကြချိန်ဖြစ်သော်လည်း လမ်းကြောပိတ်ဆို့ပြီး သွားလာရေးအခက်အခဲများကြောင့် ကုန်အရောင်းအဝယ် လုပ်ငန်းများလည်း ရပ်တန့်နေကြောင်း ပြောသည်။


ထို့အပြင် ရေခဲတောင်သို့ ခရီးသွားဧည့်သည်များဖြင့် စည်ကားနေမြဲဖြစ်သည့် ရှိန်းခေါင်ဒေသတွင်လည်း လမ်းကြောပိတ်ဆို့မှုကြောင့် ခရီးသွားများ လာရောက်လည်ပတ်သူမရှိ ခြောက်ကပ်နေခဲ့သည်ဟု ဆိုသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page