top of page

ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် အလန်ဂါးကျေးရွာမှ စစ်ကောင်စီ စခန်းငယ်တစ်ခု အပြီးတိုင်စွန့်ခွာ

  • Writer: Pajau Media
    Pajau Media
  • Mar 25, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ အလန်ဂါးကျေးရွာရှိ စစ်ကောင်စီနှင့် ဌာ‌‌နေပြည်သူ့စစ် ပူးပေါင်းတပ်စခန်းတစ်ခုဖြစ်သည့် အလန်ဂါးတပ်စခန်းသည် ယမန်နေ့ မတ်လ၂၄ရက်နေ့တွင် အပြီးစွန့်ခွာသွားပြီးဖြစ်ကြောင်း အလန်ဂါးကျေးရွာ ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။


"တိုက်ပွဲဖြစ်တာတွေတော့ မရှိဘူး၊ ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းမှာပဲ မချမ်းဘော့မြို့က ပြည်သူတွေကို ၂၅ရက်နေ့ နောက်ဆုံးထားရွှေ့ပြောင်းကြဖို့ KIA/KPDFပူးပေါင်းအဖွဲ့တွေအနေနဲ့ သတိပေးထားတာတော့ ရှိတယ်။ အဲ့ဒါကြောင့် မချမ်းဘော့မြို့ ခလရ(၁၃၇)အမြောက်တပ်ကို ကာကွယ်ဖို့ ပူးပေါင်းသွားတာလည်း ဖြစ်နိုင်တယ်။ မချမ်းဘော့မြို့ကနေ စစ်‌ကားနှစ်စီးနဲ့ ခေါ်သွားတာဟုတ်တယ်" ဟု အထက်ပါ ဒေသခံက ပြောသည်။


စစ်ကောင်စီတပ်စခန်းသည် အလန်ဂါးတပ်စခန်းအတွင်း အင်အား၂၀ကျော်ဝန်းကျင်ဖြင့် ပုံမှန်အခြေချ နေထိုင်နေကြပြီး၊ ယမန်နေ့က အပြီးတိုင် ထွက်ခွာသွားခြင်းဖြစ်နိုင်သည့်အပြင် စစ်တပ်အတွင်းလည်း မည်သည့်ပစ္စည်းမှ ချန်လှပ်ထားခြင်း မရှိတော့ကြောင်း ဒေသခံများက ပြောသည်။


အဆိုပါ အလန်ဂါးတပ်စခန်းသည် မချမ်းဘော့မြို့မှ နောင်မွန်းမြို့နယ်သွား ကားလမ်းပိုင်းနေရာတွင် အထိုင်ချထားသည့် တပ်စခန်းတစ်ခုဖြစ်ပြီး၊ မချမ်းဘော့မြို့တွင်း အခြေချသည့် ခ.လ.ရ (၁၃၇) အမြောက်တပ်စခန်းကြီးသို့ အင်အားဖြည့် ပူးပေါင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။


ယခုလ မတ်လဆန်းပိုင်းမှစ၍ မချမ်းဘော့မြို့အတွင်း အထိုင်ချထားသည့် ခလရ(၁၃၇)တပ်စခန်းသည် ခံစစ်များပြင်ဆင်ခြင်း၊ စခန်းပတ်ပတ်လည် နေရာများအတွင်း မြေမြှပ်မိုင်းများ ပြင်ဆင်ထားခြင်းများကြောင့် ဒေသခံများ၏ ကျွဲ၊ နွား နှင်းမိ၍ ပေါက်ကွဲမှု၊ တိရိစ္ဆာန်များ သေကြေပျက်စီးမှုများ မကြာခဏရှိနေသည်ဟု ဒေသခံများပြောပြချက်အရ ထပ်မံသိရှိရသည်။


လက်ရှိဒေသခံများမှာ လဆန်းပိုင်းကတည်းက တော်လှန်ရေးတပ်ဖွဲ့များမှ ရွှေ့ပြောင်းကြရန် ပြောဆိုထားသည့်အပြင် နှစ်ဖက်စစ်တပ်မှ စစ်ရေးအခြေအနေမှာ တင်းမာနေဆဲ ဖြစ်သောကြောင့် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page