top of page

ပူတာအိုတွင် ပညာရေးဌာနမှ ကျောင်းသား/သူများ၏ ပုံနှိပ်စာအုပ်များအားပြန်လည်သိမ်းယူ

  • Writer: Pajau Media
    Pajau Media
  • Mar 27
  • 1 min read

ပါဂျောင်မီဒီယာ။

၂၇ရက်၊မတ်လ၊၂၀၂၅။



ပူတာအိုမြို့နယ်တွင် ပညာရေးဌာနမှ ကျောင်းသူ/ကျောင်းသားများ၏ ကျောင်းသုံးပုံနှိပ်စာအုပ်များကို ပြန်လည်သိမ်းဆည်းသွားသောကြောင့် နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းစာများ လေ့လာဆည်းပူးရန် အခက်အခဲဖြစ်နေသည်ဟု ကျောင်းသားများက ပြောသည်။


"ဒီနှစ်ထဲမှာ ပညာရေးရုံးကနေ ညွန်ကြားချက်နဲ့ ကျောင်းသား/သူအားလုံးရဲ့ ပုံနှိပ်စာအုပ်တွေ ပြန်သိမ်းသွားတော့ ကျောင်းပိတ်ရက်တွေမှာ နောက်နှစ်ထဲတက်မယ့် ကလေးတွေကို အတန်းစာပြပေးဖို့က အရမ်းအခက်အခဲဖြစ်သွားတယ်။” ဟု ပူတာအိုကျောင်းဆရာမတစ်ဦးက ပြောသည်။


ကျောင်းသုံးပုံနှိပ်စာအုပ်များကို ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက် စစ်အစိုးရလက်အောက်ပညာရေး နောက်ဆုံးစာမေးပွဲဖြေဆိုပြီးကတည်းက သိမ်းယူသွားခြင်း ဖြစ်သည်ဟု ဆိုသည်။


“အပြင်ဆိုင်တွေမှာလည်း ကလေးတွေရဲ့ ပုံနှိပ်စာအုပ်တွေက လွယ်လွယ်နဲ့ဝယ်လို့မရဘူး၊ ပူတာအိုမှာ ကျောင်းပုံနှိပ်စာအုပ် အရမ်းရှာရခက်တယ်၊ ကျောင်းစတက်ကတည်းကနေ ကလေးတွေက ပုံနှိပ်ဖိုး အပြည့်သွင်းပြီးသားဟာကို ဘာလို့ပြန်သိမ်းတာလဲမသိဘူး။ အစုတ်အပြဲတွေကအစ အားလုံးပြန်သိမ်းခိုင်းတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း နားမလည်ဘူး။ အရင်အစိုးရ လက်ထက်တုန်းကနဲ့ လုံးဝမတူတော့ဘူး" ဟု အထက်ပါဆရာမက ဆက်ပြောသည်။


ကျောင်းသားများမှာ ကျောင်းသုံးပုံနှိပ်စာအုပ်တန်ဖိုးအတွက် ကျောင်းအပ်ကတည်းက အပြည့်အဝ ပေးဆောင်ပြီးသားဖြစ်သော်လည်း ပညာရေးရုံးမှ ညွှန်ကြားချက်ဖြင့် ကျောင်းသားများ၏ ကျောင်းသုံးပုံနှိပ်စာအုပ်များကို အစုတ်အပြဲမှအစ အားလုံး ပြန်လည်သိမ်းယူသွားကြသည်ဟု ဆိုသည်။


ပုံနှိပ်စာအုပ်သိမ်းယူခြင်းမှာ KGအတန်းမှအစ Grade-12အတန်းအထိ အတန်းတိုင်း၏ စာအုပ်များအားလုံးကို ပညာရေးဌာနမှ သိမ်းယူသွားခြင်းဖြစ်သည်။


ထို့ကြောင့် နွေရာသီကျောင်းပိတ်ချိန်တွင်ကြိုတင်လေ့လာ ကျက်မှတ်ရမည့်စာများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်မရှိသောကြောင့် ကျောင်းသားနှင့် စာသင်ကြားသူ ဆရာ/မများအကြား အခက်အခဲ ဖြစ်နေပြီး၊ မည်သည့်အကြောင်းအရင်းကြောင့် ပုံနှိပ်စာအုပ် ပြန်လည်သိမ်းယူသွားသည်ကိုတော့ ကျောင်းဆရာမများပင် မသိရကြောင်းလည်း ပြောသည်။


သတင်း - မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page