ပူတာအိုဒေသ အရှေ့ဘက်ပိုင်းတွင် ပြီးခဲ့သည့် ဇွန်လဆန်းအတွင်း တောင်ပြိုလမ်းပြို ပျက်စီးခဲ့ရသောကြောင့် လမ်းသွားလမ်းလာ ခက်ခဲနေ
- Pajau Media
- Jun 10
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ဇွန်လ၊၂၀၂၅။
ကချင်ပြည်နယ်အထက်ပိုင်း ပူတာအိုဒေသ အရှေ့ဘက်ပိုင်းတွင် ပြီးခဲ့သည့် ဇွန်လဆန်းအတွင်း တောင်ပြိုလမ်းပြို ပျက်စီးခဲ့ရသောကြောင့် လမ်းသွားလမ်းလာ ခက်ခဲနေသည်မှာ လက်ရှိအချိန်ထိဖြစ်ကြောင်း သိရသည်။
“တောလမ်းဖြစ်တဲ့အတွက် မိုးနဲနဲရွာတာနဲ့ လမ်းတွေ ပြိုသွားတယ်။ ရေကြီးလို့ လမ်းတွေအကုန် ပျက်စီးသွားတယ်။ အဲဒီအရှေ့ဘက်ပိုင်းမှာ လမ်းပေါက်တာတောင် ၄နှစ်လောက်ပဲ ရှိသေးတယ်။ ဒါတောင် ပြည်သူတွေ ကိုယ်ထူကိုယ်ထ လုပ်ထားတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြည်သူများအင်အားဖြင့်သာ ဆိုင်ကယ်သွားရသည့်လမ်းအဖြစ် ဖောက်လုပ်ထားသည့် တောလမ်းများမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ပျက်စီးသွားခဲ့ရသောကြောင့် လမ်းသွားလမ်းလာ ခက်ခဲသွားခြင်းဖြစ်ပြီး၊ ပူတာအိုအရှေ့ဘက်ပိုင်းအတွင်း တည်ရှိသော ကျေးရွာများမှာ ဒိန်ခက်၊ဒိန်ဂါ၊မရောဒ်၊မပြုံးနှင့် ဒိန်ဆာကျေးရွာများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသဘက်မှ ဒေသခံများမှာ ဆား၊ဆီ၊ကြက်သွန်မှအစ မချမ်းဘော့၊ ပူတာအိုမြို့သို့ သွားရောက်ဝယ်ယူကြရပြီး၊ ကျန်းမာရေးဖျားနာလာသူများလည်း မြို့ပေါ်တက် ကုသကြရသည့် ဒေသဖြစ်သည်။ ထို့ကြောင့် လမ်းခရီးမပေါက်ဘဲ ကြမ်းတမ်းသည့် လမ်းခရီးကြောင့် ခက်ခဲနေကြရသည်ဟု ဆက်ပြောသည်။
“အရင်က နှစ်ရက်လောက် လမ်းလျှောက်ရင် မြို့ရောက်တဲ့ ဒေသဟုတ်တယ်။ ပိုပြီးက ကာကွယ်ဆေးထိုးရမဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေက ပိုပြီးခက်ခဲတယ်။ လမ်းမှာ တစ်ညအိပ်ပြီးနောက်နေ့မှ ရောက်တဲ့နေရာ။ ဆိုင်ကယ်နဲ့ဆို တစ်ရက်ထဲနှင့်ရောက်တဲ့ဒေသပေါ့။” ဟု ပြောသည်။
ထို့အပြင် ကျေးရွာအတွင်း ဆေးပေးခန်းရှိနေသော်လည်း ကာကွယ်ဆေးထိုးရမည့် ကလေးများအတွက် မြို့ပေါ်သို့ သွားရောက်ထိုးနှံချိန် ယခုကဲ့သို့လမ်းပျက်စီးခြင်းကြောင့် လမ်းခရီးမပေါက် ကြမ်းတမ်းနေရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသမှ ကားလမ်းကို ယခင်အစိုးရလက်ထက်တိုင်း၌ လမ်းဖောက်လုပ်ပေးရန် တောင်းဆိုခဲ့ကြပေမယ့် မည်သည့်အစိုးရမှ လက်လှမ်းမမှီ မရောက်ခဲ့သည့် ဒေသလည်း ဖြစ်သည်။ ထို့ကြောင့် ဒေသခံအင်အားဖြင့်သာ ဆိုင်ကယ်သွားရသည့်လမ်း ဖောက်လုပ်သွားလာခဲ့ကြတာ ၄နှစ်နီးပါးသာ ရှိသေးကြောင်း သိရသည်။
သတင်း - ပီလမ့်အူ
Comments