ပူတာအိုဒေသတွင် စက်သုံးဆီ တစ်လီတာကို ၆,၄၇၀ ကျပ်ဖြင့် အစိုးရအဖွဲ့ ရောင်းချပေးနေ
- Pajau Media

- May 25
- 1 min read
ပါဂျောင်မီဒီယာ
၂၅ရက်၊မေလ၊၂၀၂၆။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပူတာအိုဒေသ စပါးစိုက်တောင်သူများကို စက်သုံးဆီတစ်လီတာလျှင် ၆,၄၇၀ ကျပ်ဖြင့် စတင်ရောင်းချပေးနေသော်လည်း တစ်ဧကလျှင် ၂ ဂါလံနှုန်းသာ ဝယ်ယူခွင့်ပေးကြောင်း ဒေသခံများက ပြောသည်။
မေလ၂၃ ရက်နေ့မှစ၍ မူလာရှီးဒီးရပ်ကွက်တွင် ၆ ထောင်ကျော်ကျပ်နှုန်းဖြင့် စတင်ရောင်းချပေးနေပြီး၊ တစ်အိမ်လျှင် ၂ ဂါလံနှုန်းသာ ရောင်းချပေးသလို လယ်ပြေစာနှင့် ဂရမ်စာရွက်များ ပြနိုင်မှသာ ရောင်းချပေးသည်ဟု ဆိုသည်။
သို့သော် အချို့လယ်သမားများမှာ ယခင်နှစ်ကဲ့သို့ အရည်အသွေးညံ့ စက်သုံးဆီများ ရောင်းချပေးမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။
"အရင်နှစ်တုန်းကလည်း ဝန်ကြီးချုပ်ခက်ထိန်နန်ကိုယ်တိုင်လာပြီး ပူတာအိုဒေသအတွက်ဆိုပြီးတော့ စက်သုံးဆီ(ဒီဇယ်) ကိုဒေသဈေးရဲ့ တစ်ဝက်ဈေးလျှော့ချပြီးတော့ ရောင်းခဲ့တာရှိတယ်၊ ဒါပေမယ့်အဲဒီဆီက အညံ့စားဒီဇယ်ဖြစ်နေတယ်။ ဘာမှလည်းအသုံးမခံဘူး စက်လည်းပျက်သေးတယ် ဒီနှစ်မှာလည်းအဲ့လိုပဲဖြစ်မှာ" ဟု ပြောသည်။
ပူတာအိုဒေသတွင် လက်ရှိ စက်သုံးဆီပေါက်ဈေးမှာ တစ်လီတာလျှင် ကျပ်၁၅,၀၀၀ ဝန်းကျင်တွင် ရှိနေပြီး၊ အစိုးရနှင့်ဝန်ကြီးအဖွဲ့များက စက်သုံးဆီဈေးနှုန်းကို ဈေးထက်ဝက်ထိလျှော့ကာ ပြန်လည်ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း- မလိခူး




Comments