top of page

ပူတာအိုဒေသတွင် စက်သုံးဆီ ပြတ်လပ်သည့်အပြင် ကုန်ပစ္စည်းများနှင့် စက်ယန္တရား လုပ်ငန်းများအားလုံးနီးပါး ရပ်တန့်နေရ

  • Writer: Pajau Media
    Pajau Media
  • May 15, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊မေလ၊၂၀၂၄ခုနှစ်။



စက်သုံးဆီ ပြတ်လပ်နေသည့် ပူတာအိုဒေသတွင် ကုန်စိမ်းတန်းမှအစ ကုန်စုံဆိုင်ကြီးများပါ ပစ္စည်းပြတ်လတ်နေပြီး စက်ယန္တရားလုပ်ငန်းများ အများစု ပိတ်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။


"ဈေးသွားတာ တနေကုန် နီပါးပတ်ရှာကြည့်တယ် မီးဖိုချောင်ပစ္စည်း၊ စားသောက်ကုန်၊ ကုန်စိမ်းကအစ အရမ်းရှာရခက်နေပြီ၊ ကုန်စုံဆိုင်ကြီးတွေလည်း အများပိုင်းပိတ်ထားတယ်။ ပစ္စည်းပြတ်သွားလို့တဲ့ ကြာလာရင် ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး။ ဒီတစ်ခေါက် ပူတာအိုအခြေအနေက အဆိုးဆုံးပဲထင်တယ်" ဟု ပူတာအိုမြို့မတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။


မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းမှာ ပိတ်ထားဆဲဖြစ်ပြီး၊ ပူတာအိုဒေသအတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့မှာလည်း ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ထားသောကြောင့် လုပ်ငန်းခွင် စက်ယန္တရားများအားလုံးနီးပါး ရပ်တန့်ခဲ့ရပြီဖြစ်ကြောင်း သိရသည်။


"ပူတာအိုဒေသမှာ ကုန်ပစ္စည်းတွေ ပြတ်နေတာရယ်၊ စက်သုံးဆီမရှိတာရယ်ကြောင့် ဘာမှလုပ်လို့၊ ကိုင်လို့မရတော့ဘူးလေ။ လမ်းပိတ်လိုက်တဲ့ကွင်းဆက်ကြောင့် အားလုံးထိခိုက်ကုန်တာပဲ၊ ဒါတွေအားလုံးရဲ့ ဇစ်မြစ်က နိုင်ငံရေး မငြိမ်မသက်ဖြစ်နေတာကြောင့်ပဲလေ" ဟု သံပန်းလုပ်ငန်း လုပ်ကိုင်နေသူ ပူတာအိုဒေသခံ တစ်ဦးက ပြောသည်။


ထို့ကြောင့် ပူတာအိုဒေသတွင် ဝပ်ရှော့လုပ်ငန်းများ၊ ကုန်ရောင်းကုန်ဝယ်သမားများ၊ တစ်မြို့နှင့်တစ်မြို့ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနှင့် စက်ယန္တရားဖြင့် လည်ပတ်ရသည့် လုပ်ငန်းများ အားလုံး လက်ရှိအချိန်တွင် ရပ်တန့်လိုက်ရပြီ ဖြစ်ကြောင်း သိရသည်။


ပူတာအိုဒေသတွင် ပြီးခဲ့သည့် မတ်လမှစ၍ နှစ်ဖက်စစ်တပ်၏ စစ်ရေးတင်းမာခြင်းကြောင့် လုံခြုံရေးအတွက် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့သည်မှာ နှစ်လကျော် ကြာမြင့်လာပြီ ဖြစ်သည်။


သတင်း- မလိခူး



Comments


Pajau Media

Thanks for subscribing!

bottom of page