top of page

ပူတာအိုဒေသတွင် ဆန်ပြတ်လပ်သည့် ဒေသခံများ ပိုမိုများပြားလာ

  • Writer: Pajau Media
    Pajau Media
  • May 23, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊မေလ၊၂၀၂၄ခုနှစ်။





ပူတာအိုဒေသအတွင်း တရိပ်ရိပ် မြင့်တက်လာနေသည့် ဆန်ဈေးနှုန်းများကြောင့် စားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေရသူ ပိုမိုများပြားလာသည်ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။


"ဒီနှစ်ကတော့ မိုးတွင်းတောင် မရောက်သေးဘူး စားစရာဆန်ပြတ်နေတဲ့ အိမ်ထောင်စုတွေ အများကြီးရှိနေပြီ၊ စာရင်းသာ ကောက်မယ်ဆိုရင် ထောင်ချီရှိလောက်တယ်။ ဒါတောင် ဟိုးရွာတွေဘက်ကလူတွေ မပါသေးဘူး၊ ဒီမြို့အတွင်းနဲ့ မြို့အနီးအနားက ရွာတွေလောက်ပဲ ရှိသေးတယ်။” ဟု လေယာဉ်ကွင်း ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။


လက်ရှိ ပူတာအိုဒေသ ကုန်ဈေးနှုန်းမှာ ဒေသထွက် ဆန်ကြမ်းတစ်ပြည်လျှင် ၁၅၀၀၀ကျပ်၊ ၈ပြည်ဆန့်သည့် တစ်ပုံးလျှင် တစ်သိန်းကျော်အထိ ပေးဝယ်နေရပြီး၊ ဆီတစ်ပိသာလျှင် ၂၁၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိရှိနေကာ ကြက်ဥ၄လုံးလျှင် ၅၀၀၀ကျပ်နှင့် ဓာတ်ဆီတစ်လီတာ(700ml)လျှင် ၈၀၀၀၀ကျပ်အထိ မြင့်တက်နေသည်။


“အခုက ဒေသဆန်တွေဆို တစ်ပုံး(၈)ပြည်မှာ တစ်သိန်းကျော်ပေးပြီး ဝယ်စားရတယ်၊ အောက်ပိုင်းဆန်တွေဆိုရင် လေယာဉ်နဲ့ သယ်ပို့ရတဲ့အခါကျတော့ ဆန်တစ်အိတ်ကို ငါးသိန်းကျော်လေ၊ ဆိုတော့ သာမာန်ပြည်သူတွေက မဝယ်စားနိုင်တော့ဘူး။ ဒေသဆန်တွေဆိုလည်း ရောင်းတဲ့လူ အရမ်းရှားသွားတယ်။” ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။


ထို့ကြောင့် ဆန်ပြတ်လပ်ကာ စားစရာမရှိ ကျပ်တည်းနေသည့် ဒေသခံများမှာ ပူတာအိုဒေသအတွင်း နေ့စဉ် ပိုမိုများပြားလာပြီး ထောင်ချီရှိလာပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။


ယခုရက်ပိုင်းအတွင်း ပူတာအိုမြို့တွင်းရှိ ပရဟိတအဖွဲ့အစည်းတစ်ခုမှ အလှူရှင်များ ဖိတ်ခေါ်ကာ မိသားစုတစ်စုလျှင် ဆန်နှစ်ပြည်နှုန်းဖြင့် ထောင်ချီသော ပြည်သူများအား ကူညီထောက်ပံ့ပေးနေသည်ကို တွေ့ရှိရသည်။ သို့သော် ဆန်ပြတ်လပ်သည့် မိသားစု များပြားလွန်းသောကြောင့် ဆန်မလောက်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။


“နိုင်ငံရေးကလည်း မငြိမ်းချမ်းတော့ အရင်နှစ်တွေလို ဆန်ရောင်းပေးတဲ့သူတွေ တအားရှားသွားတယ်။ တစ်နေ့တစ်နေ့ အလှူရှင်တွေပေးတဲ့ ပရဟိတအဖွဲ့တွေကနေ ဝေပေးနေတဲ့ ဆန်နှစ်ပြည်ထုပ်တွေဆိုလည်း နေ့တိုင်းမလောက်တာတွေ့ရတယ်၊ ကုန်သွားလို့ လက်ဗလာနဲ့ ပြန်သွားရတဲ့ မိသားစုတွေ အများကြီးပဲ" ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။


ပူတာအိုဒေသရှိ ဒေသခံများမှာ နိုင်ငံရေး အခြေအနေ တင်းမာလာသောကြောင့် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းပိတ်ပင်လိုက်ခြင်းမှာ ရေရှည်အတွက် ငတ်မွတ်ခေါင်းပါးမှုရင်ဆိုင်လာရမည်ကို စိုးရိမ်နေကြသည့်အပြင် စက်သုံးဆီရှားပါးကာ ဈေးကြီးပေးဝယ်ရေသောကြောင့်လည်း လယ်ယာလုပ်ငန်း မစတင်နိုင်ပဲ ပိုမိုကျပ်တည်းလာမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။


ပူတာအိုဒေသအတွင်း နှစ်ဖက်စစ်တပ်၏ စစ်ရေးတင်းမာလာခြင်းကြောင့် ပြီးခဲ့သည့် မတ်လ ၉ရက်နေ့ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဘက်မှ လုံခြုံရေးကြောင့်ဟုဆိုကာ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီး စစ်ကောင်စီတပ်ဘက်မှလည်း ပူတာအိုဒေသရှိ ရေကြောင်း၊ ကုန်းကြောင်းလမ်းများ အားလုံး ပိတ်ပင်ထားခဲ့ကြောင်း သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page