top of page

ပူတာအိုဒေသတွင် ဓါတ်ဆီ တစ်ဂါလံ တစ်သိန်းကျပ်အထိ မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊ ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် စက်သုံးဆီ မရောက်ရှိသည်မှာ တစ်လကျော် ကြာပြီဖြစ်သောကြောင့် စက်သုံးဆီဈေးများ ပုံမှန်ထက် ၃ဆအထိ တက်သွားပြီး၊ တစ်ဂါလံတွင် ကျပ်တစ်သိန်းအထိ မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။


"အရင်တစ်ပတ်မှာကျတော့ တစ်ပုလင်းကို တစ်သောင်းကျပ်နဲ့ ရောင်းကြတယ်။ ဒါတောင်ဆိုင်မှာ ချရောင်းတာမဟုတ်ဘူး။ ခိုးကြောင်ခိုးဝှက်နဲ့ အချင်းချင်းလောက်ပဲ ရောင်းဝယ်နေကြတာ၊ ဆီဒိုင်တွေကလည်း ဒေသအခြေအနေကို နည်းနည်းလေးတောင်မှ မငဲ့ဘူး။ ဈေးအခုလိုတက်ခိုင်းတာ သူတို့ကြောင့်ဟုတ်တယ်၊ ဆိုင်တွေကိုတော့ ပိတ်ထားပြီးမှ ဆီ‌တွေကို အပြင်ထုတ်တယ်။” ဟု ပူတာအိုဒေသခံ လယ်သမားတစ်ဦးက ပြောသည်။



လက်ရှိ ပူတာအိုမြို့တွင် ဈေးမတက်ခင်က ဓါတ်ဆီတစ်ဂါလံကို ၆၀၀၀၀ ကျပ်သာ ရှိခဲ့ပေမယ့်၊ ယခုအချိန်မှာ ဓါတ်ဆီတစ်ဂါလံလျှင် တစ်သိန်းနီးပါးအထိမြင့်တက်ကာ၊ တစ်ပေပါလျှင် သိန်းငါးဆယ်ကျပ်အထိ မြင့်တက်နေသည့်အပြင် ဒီဇယ်ဆီ တစ်ပေပါလျှင် သိန်းလေးဆယ်ကျပ်အထိ မြင့်တက်နေခြင်းကြောင့် တောင်သူများ ခက်ခဲနေကြသည်ဟု ဆိုသည်။


တိုက်ပွဲများကြောင့် မြစ်ကြီးနား-ပူတာအိုလမ်းပိတ်ထားပြီး စက်သုံးဆီ အဝင်မရှိခြင်းကြောင့် ဒေသခံ တောင်သူလယ်သမားများနှင့် လက်လုပ်လက်စားများအတွက် အခက်အခဲ ကြုံနေကြရသည်ဟု ပူတာအို ဒေသခံများက ပြောသည်။


စက်သုံးဆီများသာမက လမ်းပိတ်ထားခြင်းကြောင့် အခြားအခြေခံ စားသောက်ကုန်များပါ ဈေးတက်နေပြီး ဝယ်ယူလို့မရသည့် အခြေအနေထိ ရောက်ရှိနေကြောင်း သိရပြီး ကြက်ဥတစ်လုံးလျှင် ကျပ်၁၅၀၀နီးပါးအထိ ပေးဝယ်နေရကြောင်း သိရသည်။


ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် မတ်လ ၈ရက်နေ့မှစ၍ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် မတ်လ ၉ရက်နေ့တွင် မြစ်ကြီးနား-ပူတာအိုကားလမ်းကို KIA ဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page