ပူတာအိုဒေသတွင်း နေ့စဉ်ရက်ဆက်ကုန်စည် ပြတ်လပ်လာပြီး ကုန်ဈေးနှုန်းမြင့်တက်နေမှုနှင့်ကျောင်းသုံးပစ္စည်းများရှားပါးနေခြင်းကြောင့် ကျောင်းသားမိဘများအခက်တွေ့နေ
- Pajau Media

- Jun 7, 2024
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ ဇွန်လ ၊၂၀၂၄ ခုနှစ်။

ပူတာအိုဒေသတွင် ကုန်းလမ်းကြောင်းသွားလာရေး၊ကုန်စည်စီးဆင်းမှုလမ်းကြောင်း ပိတ်ထားသည့်အချိန်သုံးလကျော်အထိ ရှိလာနေချိန်တွင် ကုန်ပစ္စည်းများပြတ်လပ်နေခြင်း၊ ဈေးနှုန်းများအဆမတန်တက်နေခြင်းကြောင့်ပြည်သူများအလွန်အခက်တွေ့နေကြရပြီဖြစ်ကြောင်းသိရှိရသည်။
"ဒီနှစ်ကလေးတွေကျောင်းတက်ဖိုအရေးကအရမ်းကိုခက်ခဲနေပြီ ကျောင်းဝတ်စုံ၊စာအုပ်၊ဘောပင်၊ခဲတံတွေကအစ ဝယ်လို့မရနေဘူး၊ဗလာစာအုပ်အကြမ်းတစ်ဒါဇင်ကိုတောင် နှစ်သောင်းခွဲကနေသုံးသောင်း အထိပေးပြီးမှဝယ်ပေးနေရတယ်။ကျောင်းဝတ်စုံတွေဆိုရင်ရောင်းတဲ့ဆိုင်တောင်မရှိဘူး၊ အခုဆိုမိုးရာသီလည်း ဝင်နေပြီးကလေးတွေဆောင်းဖို့ထီးတွေလည်းရှာလို့မရဘူး အရမ်းဒုက္ခရောက်တယ်"ဟုကျောင်းသားမိဘတစ်ဦးကဆိုသည်။
ထို့အပြင် စာသင်ကျောင်းများသည် ဇွန်လ ၃ ရက် နေ့မှစ၍ ဖွင့်လှစ်နေပြီ ဖြစ်ရာကျောင်းသား/သူများ၏ ကျောင်းသုံးပစ္စည်း ၊စာရေးကိရိယာများရှားပါးနေမှုများကြောင့် ဝယ်ယူသုံးစွဲ၍မရသည်အထိအခက်တွေ့နေကြရကြောင်းကျောင်းသားမိဘများကဆိုသည်။
လက်ရှိအချိန်တွင် ပူတာအို-မြစ်ကြီးနားကုန်သွယ်ရေးလမ်းကြောင်းသည် လေကြောင်းလိုင်းတစ်ခုသာရှိနေပြီး အချို့လူသုံးကုန်ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ လုံးဝပြတ်လပ်သွားသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရှိရသည်။
ထိုကဲ့သို့သော ရောင်းလိုအားနှင့်ဝယ်လိုအားမမျှတော့သည့် ဒေသအခြေအနေကြောင့် ကုန်ဈေးနှုန်းများသည် ပုံမှန်ထက်ဆယ်ဆနှင့် အထက်တက်နေပြီ ဖြစ်ကြောင်းဆိုကြသည်။
အခြေခံစားသုံးကုန်များဖြစ်သည့် ဆား(၅၀ကျပ်သား)တစ်ထုပ်လျှင် ကျပ်တစ်သောင်း၊ စားဆီ(တစ်ပိသာ)လျှင်ကျပ်လေးသောင်း၊ဆန်တစ်အိတ်လျှင်ကျပ်ငါးသိန်းမှခုနှစ်သိန်းအထိမြင့်တက်နေကြောင်းပူတာအိုမြိုဒေသခံပြည်သူများထံမှကြားသိရသည်။
သတင်း-မလိခူး




Comments