top of page

ပူတာအိုဒေသထွက် ဂရိတ်ဖရုသီးဈေးကွက်ကျဆင်းလာသောကြောင့် စီးပွားဖြစ်စိုက်ပျိုးသူများနှင့်ရောင်းဝယ်သူများ အရှုံးပေါ်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Jan 29, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၉ရက်၊ဇန္နဝါရီ၊၂၀၂၅။




ကချင်ပြည်နယ်၊ ပူတာအိုဒေသထွက် ဂရိဖရုသီးဈေးကွက်မှာ ယခင်နှစ်များထက် အဆများစွာကျဆင်းနေပြီး၊ ဒေသခံများ အရှုံးပေါ်နေကြောင်း ပူတာအိုဒေသခံတစ်ဦးကပြောသည်။


ပူတာအိုဒေသထွက် ဂရိဖရုသီးများကို မြစ်ကြီးနားမြို့သို့ အဓိကပို့ဆောင်ကာ အရောင်းအဝယ်ပြုလုပ်ကြပြီး၊ လက်ရှိဂရိဖရုသီးတစ်လုံးကို တစ်ထောင်ကျပ်မှ တစ်ထောင့်ငါးရာကျပ်အထိ ဈေးပေါက်နေသော်လည်း ပူတာအိုမှ မြစ်ကြီးနားမြို့အထိ ထုတ်ပိုးသယ်ယူခနှင့် အခွန်ပေးဆောင်မှုများကြောင့် အရင်းမကာမိဘဲ အရှုံးပေါ်နေကြောင်း ဒေသထွက်အသီးအနှံ အရောင်းအဝယ်ကုန်သယ်တစ်ဦးက ပြောသည်။


"ဒီနှစ်တော့ ဂရိဖရုတစ်လုံးဈေးကို ပူတာအိုမြို့ထဲမှာ ငါးရာကျပ်တောင်မှ မရနိုင်ဘူး။ ဝယ်ဈေးက သုံးရာကျပ်ပေးရတယ်၊ သယ်ယူခနဲ့ထုတ်ပိုးစရိတ်တွေနဲ့ မကာမိဘူး၊ မြစ်ကြီးနားမြို့ကို သယ်မယ်ဆိုတော့လည်း လမ်းမှာတစ်လုံး တစ်ရာ့ငါးဆယ်ကျပ်နှုန်း အခွန်ဆောင်ပေးရတယ်၊ တင်ခကလည်း တစ်အိတ်ကို တစ်သောင်းခွဲကျပ် ပေးရတဲ့အခါကျတော့ မကိုက်ဘူး၊ မြစ်ကြီးနားမြို့ကို ရောက်တော့လည်း အရင်လို အရောင်းမသွက်တော့ဘူး၊ ရထားလမ်း၊ ကားလမ်းတွေ ပိတ်နေလို့လေ" ဟု ပြောသည်။


နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုများကြောင့် ကုန်သွယ်ရေးနှင့် သွားလာရေး ခက်ခဲသွားပြီး ဒေသထွက် ဂရိဖရုသီးများမှာ ဈေးအလွန်ကျဆင်းသွားကာ၊ စီးပွားဖြစ်လုပ်ကိုင်ကြသည့် ဂရိဖရုစိုက်ပျိုးသူများလည်း အရောင်းအဝယ် မဖြစ်ထွန်းဘဲ အရှံးပေါ်ခဲ့ကြကြောင်း သိရသည်။


ပူတာအို ဂရိဖရုသီးသည် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာကြသည့် ခရီးသွား ပြည်သူများသာမက၊ နိုင်ငံရပ်ခြားရှိ မိတ်ဆွေများအထိ ဒေသလက်ဆောင်အဖြစ် ယူဆောင်ပေးပို့ကြရသည့်အသီးတစ်မျိုးဖြစ်ကာ၊ ပူတာအိုဒေသသို့ အလည်ရောက်ရှိကြသည့် ခရီးသွားပြည်သူများအနေဖြင့် အိမ်အပြန်ခရီးတွင် ဒေသလက်ဆောင်အဖြစ် ပူတာအို ကောင်ကထောင်မနက်ဈေးနှင့် လေယာဉ်ကွင်းဈေးများမှ သွားရောက်ဝယ်ယူကြရသည်။


ဒေသထွက် ဂရိဖရုသီးဈေးကွက်ကျဆင်းလာသည်မှာ နှစ်နှစ်နီးပါးရှိလာပြီး ယခင်နှစ် ၂၀၂၄ခုနှစ်တွင် ပူတာအို-မြစ်ကြီးနားကားလမ်း ပိတ်ထားသောကြောင့် ဝယ်လက်များ ရပ်တန့်နေခဲ့ပြီး၊ အခွန်၊ ဂိတ်ကြေးနှင့် သယ်ယူစာရိတ် အလွန်မြင့်မားလာသောကြောင့်လည်း ဈေးကွက်ကျဆင်းလာခြင်း ဖြစ်ကြောင်း ကုန်သယ်များထံမှ သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page