top of page

ပူတာအိုဒေသသို့ ကားလမ်းယာဉ်ကြော ထပ်မံပိတ်ဆို့ခဲ့သောကြောင့် ဒေသခံများ အစာပြတ် ခက်ခဲလာ

  • Writer: Pajau Media
    Pajau Media
  • Aug 6, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၆၊ ၈၊ ၂၀၂၄။



ကချင်ပြည်နယ်မှ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းမကြီး လမ်းကြောပိတ်ဆို့တာ တစ်လကျော်ကြာပြီးနောက် ပူတာအိုဒေသသို့ ကုန်စည်ဝင်ရောက်မှုမရှိသောကြောင့် ဒေသခံများ အစာပြတ် ခက်ခဲလာကြောင်း သိရသည်။


ယင်းဒေသရှိ ပြည်သူများမှာ ဇွန်လလယ်ပိုင်းမှ စတင်၍ သည်းထန်စွာ ရွာသွန်းလာသော မိုးများကြောင့် တောင်ပြို၊ကမ်းပြိုကာ လမ်းပိတ်ဆို့ခဲ့ရပြီး၊ ယနေ့အထိ ကုန်စည်ဝင်ရောက်မှုမရှိသေးကြောင်း သိရသည်။


ထို့ကြောင့် ဒေသခံများမှာ ယခင်ကုန်ပစ္စည်းများအားလုံး ရောင်းကုန်ကြပြီး၊ ထပ်မံရောက်ရှိသည့် ကုန်ပစ္စည်းအသစ် မရှိခြင်းကြောင့် ဒေသခံများမှာ အစာပြတ်ကာ အကြပ်အတည်း ဖြစ်လာသည်ဟု ဆိုသည်။


“ဒီမှာက အရင်က နိုင်ငံရေးကြောင့် သုံးလလောက် ကားလမ်းပိတ်ပြီး ခဏလောက် ပြန်ဖွင့်ပေးတဲ့အချိန်ရှိတယ်။ အဲ့ချိန်မှာ ကုန်စည်နည်းနည်း ဝင်ထားတာရှိတယ်။ အဲ့ဒီဟာတွေ အခုက ကုန်သလောက် ဖြစ်သွားပြီလေ။ အများစုက အရင်ကလိုပဲ အစာပြတ်လာတယ်။ အရမ်းခက်ခဲလာကြတယ်။ ရှိတဲ့ပစ္စည်းတွေက ပြတ်လာပြီး ကုန်ဈေးနှုန်း တက်သွားတာတွေ ရှိနေတယ်။” ဟု ပူတာအိုဒေသခံတစ်ဦးက ပြောသည်။


ပူတာအိုဒေသသည် ပြီးခဲ့သည့် မတ်လ၉ရက်နေ့ကတည်းက နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာလာသောကြောင့် မြစ်ကြီးနား-ပူတာအိုကားလမ်းကို သုံးလကျော် ပိတ်ပင်ထားခဲ့ပြီးနောက် ဇွန်လဆန်းပိုင်းတွင် ယာယီဖွင်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။


ထို့နောက် မြစ်ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ကားလမ်းပိုင်းများ တောင်ပြို၊ကမ်းပြိုပျက်စီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့သောကြောင့် လမ်းကြောပိတ်ဆို့ကာ သွားလာရေး ခက်ခဲသည့်အပြင် ကားလမ်းပိုင်း သွားလာရေးများ ရပ်ဆိုင်းသွားခဲ့ရပြီး ယနေ့အထိ တစ်လကျော်ကြာမြင့်လာကြောင်း သိရသည်။


ထို့အပြင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်သွားကားလမ်းမပေါ်ရှိ မြစ်ဆုံ(တန်ဖရဲ)မှ တယာန်ဇွပ်သွား ကားလမ်းပိုင်းနှင့် ရေလမ်းကြောင်းကိုလည်း ဩဂုတ်လဆန်း တစ်ရက်နေ့မှစပြီး စစ်ကောင်စီမှ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page