top of page

ပူတာအိုဒေသအတွင်း အရင်နှစ်ထက် စပါးစျေးနှုန်း နှစ်ဆအထိ မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • Dec 2, 2023
  • 1 min read

ပါဂျောင်မီဒီယာ (ကုန်စျေးနှုန်းသတင်း)



ပူတာအိုဒေသတွင် ယခုနှစ်လယ် စပါးသိမ်းချိန်အတွင်း စပါးတစ်ပုံး(၈ပြည်) လျှင် ဒေသပေါက် ဈေး (၁၂၀၀၀) ကျပ်အထိ ဈေးပေါက်နေပြီး၊ ယခင်နှစ်များထက် စျေးထက်၀က်နီးပါး တစ်ဟုန်ထိုး မြင့်တက်လာနေသည်ဟု ပူတာအို ဒေသခံ မလိခူး (အမည်လွဲ)မှ ပြောသည်။


ယခင်နှစ်များတွင် စပါးပေါ်ခါစ ရာသီ၌လျှင်ပင် ဒေသပေါက်ဈေးအဖြစ် အမြင့်ဆုံးစပါးတစ်ပုံးတွင် ၅၀၀၀ကျပ် အထိသာ ပေးဝယ်ခဲ့ကြရသော်လည်း ယခုနှစ်တွင်မူ ဈေးနှုန်းနှစ်ဆအထက်မြင့်တက်နေပြီဖြစ်၍ ဒေသခံပြည်သူများ စိုးရိမ်ကြရသည်ဟု ဆိုသည်။


ပူတာအိုဒေသခံပြည်သူများသည် အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းကြရသည်ဖြစ်သော်လည်း ၂၀၂၁ခုနှစ်နိုင်ငံရေး အပြောင်းအလဲကာလ နှောက်ပိုင်းမှစ၍ယခုနှစ်အတွင်းနိုင်ငံရေးကြပ်တည်းမှုများကြောင့် စက်သုံးဆီဈေးများ မြင့်တက်လာခြင်းနှင့် လယ်ယာသုံးစက်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသူများလည်း ထက်ဝက်ခန့်လျော့ကျခဲ့ပြီဖြစ်သည်ဟု ဆိုသည်။



ယခုနှစ်အတွင်း ဤကဲ့သို့ ဆန်၊စပါးဈေးများ တဟုန်တိုး ထိုးတက်လာရခြင်းမှာ ပူတာအိုဒေသတွင်း ရွှေလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လာကြပြီး၊ ရွှေမော်များ၏ ဝယ်လိုအား များပြားလာမှုကြောင့် ယခုလို ဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်းလည်း ဆိုထားပါသည်။ဒေသခံပြည်သူများ ပြောကြားချက်အရ ယခုလိုဆန်၊စပါးပေါ်သည့်ရာသီမှာပင် ယခု ကဲ့သို့ ဈေးမြင့်တက် နေမည်ဆိုလျှင်ပင် မိုးတွင်းကာလ၏ဈေးနှုန်းမှာ စိုးရိမ်ဖွယ်ရာ ဖြစ်လာနိုင်ချေရှိကြောင်း ဆိုသည်။


ထို့အပြင် လက်ရှိပူတာအိုမြို့နယ်အတွင်းရွှေဈေးမှာ ၁၅ပဲရည် တစ်ကျပ်သားတွင် ၁၃သိန်းမှ ၁၅သိန်းကြား၊ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၅သိန်းမှ ၁၇သိန်းကြားအထိ ဈေးပေါက်နေပြီး၊ စက်သုံးဆီ ၉၂ ဓာတ်ဆီတစ်လီတာလျှင်၊၃၆၃၀ကျပ်၊ ၉၅ ဓာတ်ဆီတစ်လီတာလျှင် ၃၇၅၀ကျပ်၊ပရီမီယမ်ဆီ တစ်လီတာလျှင် ၃၇၃၀ကျပ်နှင့် ဒီဇယ် တစ်လီတာလျှင် ၃၇၁၀ကျပ်အထိစျေးရှိနေပြီး၊ အခြေခံစားသောက်ကုန်များလည်း ယခင်နှစ်များထက် နှစ်ဆမြင့်တက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။


သတင်း-မလိခူး

ဓါတ်ပုံ-KNG

Comments


Pajau Media

Thanks for subscribing!

bottom of page