top of page

ပူတာအိုမြို့ ဆွမ်ပီယန် ကျေးရွာအတွင်း စစ်တပ်မှ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းနှင့် ဖမ်းဆီးမှုများ လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ


ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဆွမ်ပီယန်ကျေးရွာတွင် ည၆နာရီနောက်ပိုင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး၊ အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ထားမှုများ ပြုလုပ်နေသည်ဟု ဆွမ်ပီယန် ဒေသခံများ ပြောပြချက်အရ သိရသည်။


“ည၆နာရီကနေ မနက်၆နာရီအထိ အိမ်အပြင်ထွက်လို့ မရဘူး။ ရွာသားတွေ တော်တော်ဒုက္ခရောက်နေကြတယ်။ ည၆နာရီနောက်ပိုင်း လမ်းပေါ်မှာ တွေ့သမျှလူတွေကို ဖမ်းပြီးခြောက်ပေါက်ညှပ် ခံရတယ်။ လူငယ်တွေတော်တော်များများ ခံလိုက်ရတယ်ဗျ။ အိမ်နီးနားချင်းတောင် ထွက်လို့မရတော့ဘူး။ ဖမ်းခံရတဲ့ထဲမှာ ဆယ်အိမ်မှူးတွေပါ မချန်ဘူး။ ည၆နာရီ နောက်ပိုင်း ခြံဝအပြင်မှာတောင် ထွက်ရပ်နေလို့ မရဘူး ဖမ်းတယ်” ဟု ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာသို့ ပြောသည်။


ဒေသခံများ ပြောပြချက်အရ ဆွမ်ပီယန်ကျေးရွာအတွင်း ည၆နာရီမှ ‌နောက်မနက် ၆နာရီအချိန်အတွင်း မည်သူမျှ အိမ်ပြင်မထွက်ရဟု အမိန့်ထုတ်ပြန်ထားကြောင်းနှင့် ၄င်းထုတ်ပြန်ချက် အမိန့်ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှ စ၍ ထုတ်ပြန်ထားခဲ့ကြောင်း ပြောသည်။


ယင်းအချိန်မှ စ၍ ကျေးရွာအတွင်း စစ်တပ်မှ ကင်းလှည့်ပြီး ကန့်သတ်အချိန်အတွင်း သွားလာလှုပ်ရှားကြသည့် ဒေသခံများကို အတင်းဖမ်းဆီး ချုပ်နှောင်မှုများ အစဉ်ပြုလုပ်လာပြီး၊ ဖမ်းဆီးခံရသူများကိုလည်း လူငယ်များအပါအဝင် ဆယ်အိမ်မှူးပါမကျန် ခြောက်ပေါက်ထည့်ထားကြောင်း၊ စစ်ဆေးမေးမြန်းမှုများနှင့် စစ်ဆေးချိန်တွင် ငွေတစ်သိန်းအထက် တွေ့ရှိပါက အခွန်ဟုပြောဆိုကာ သိမ်းယူသွားသည်ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။


ယခုလို ကျေးရွာအတွင်း စစ်တပ်မှ ဖမ်းဆီးချုပ်နှောင်မှုများ လုပ်ဆောင်လာသည့် အကြောင်းအရင်းကိုမူ ဒေသခံများအနေဖြင့် မသိရှိကြောင်းနှင့် ဖမ်းဆီးခံရသူများလည်း ယနေ့အချိန်အထိ (၁၀) ဦးနီးပါး ရှိလာပြီဖြစ်ကြောင်း အမည်မဖော်လိုသော နောက်ထပ်ဒေသခံတစ်ဦးမှ ဆက်လက်ပြောပြသည်။


“ဖမ်းဆီးခံရတဲ့ လူတွေကို အုပ်စုလိုက် အုပ်ချုပ်ရေးရုံးမှာ ချုပ်ထားကြတယ်။ နောက်ရက်တွေမှ မိဘလူကြီးးတွေနဲ့ လာရောက်ခေါ်ထုတ်ကြရတာ များပါတယ်။ဘာလို့ ဖမ်းတယ်လို့ အတိအကျတော့ မသိရဘူး။ ရွာလုံခြုံရေးအရ ဖမ်းတာလို့ပဲ ပြောကြတယ်။ ဖမ်းခံရတဲ့ လူတွေကိုလည်း ကေအိုင်အေ PDF တွေနဲ့ ဆက်နွယ်ပတ်သတ်မှု ရှိ၊မရှိကြောင်း တွေပဲ မေးကြတယ်၊ ပြောကြတယ်။ ဒီနေ့အထိ ဆိုရင် ဖမ်းခံရတဲ့ လူတွေ (၁၀)ယောက်နီးပါး ရှိလာပြီ” ဟု ပြောသည်။


ယခုလို လုပ်ဆောင်နေသော စစ်တပ်မှာ ခလရ (၁၃၇)နှင့် ပြည်သူ့စစ်များ ပူးပေါင်းထားသည့် ပူးပေါင်းတပ်ဖွဲ့ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဖမ်းဆီးမှု၊ စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ဒေသခံများ အလုပ်သွား အလုပ်ပြန် သွားလာလှုပ်ရှားမှုအတွက်ပင် အခက်အခဲရှိလာသည်ဟု ဆိုသည်။


ဆွမ်ပီယန် ကျေးရွာသည် အိမ်ခြေ စုစုပေါင်း (၁၇၀)ကျော်ရှိပြီး၊ လူဦးရေ (၁၀၀၀)ကျော် မှီတင်းနေထိုင်သော ကျေးရွာတစ်ရွာ ဖြစ်သည်။


သတင်း - မလိခူး

ဓာတ်ပုံ - KNG


Comments


Pajau Media

Thanks for subscribing!

bottom of page