top of page

ပူတာအိုမြို့တွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ကာ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 11, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင်းရှိ ရပ်ကွက်များတွင်ဧပြီလ ၉ရက်နေ့မှစတင်ပြီး စစ်တပ်မှ ညမထွက်ရ အမိန့် ကြေငြာကာ ကင်းလှည့်စစ်ဆေးခြင်းနှင့် ဖမ်းဆီးမှုများ စတင်လုပ်ဆောင်နေပြီဟု ဒေသခံများက ပြောသည်။


ထိုကိစ္စနှင့် ပတ်သက်ပြီး လေယာဉ်ကွင်းရပ်ကွက်မှ ဒေသခံတစ်ဦးက ပါဂျောင်မီဒီယာသို့ ယခုလို ဖြေကြားခဲ့သည်။


 "အခုချိန်စစ်တပ်က ည(၆)နာရီခွဲလောက်ကနေစပြီး ကင်းလှည့်တယ်၊ ည(၇)နာရီလောက်ကနေတော့ လမ်းဆုံလမ်းခွတွေမှာ ပိတ်ပြီး စစ်တာတွေ၊ ဖမ်းဆီးတာတွေ လုပ်နေကြပြီ။ ဟိုတစ်နေ့ ပထမညတုန်းကလည်း ငါတို့ရပ်ကွက်ထဲက လူငယ်တွေ သုံးလေးယောက် လောက်ပါသွားတယ်၊ အရမ်းသတိထားရမယ်"



စစ်ကောင်စီသည် ဒေသခံများအား ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး၊ ညအချိန်များ၌ လူငယ်များအား စစ်ဆေးမေးမြန်းခြင်း လုပ်ဆောင်ခြင်းအပြင် ဖမ်းဆီးမှုများပါ လုပ်ဆောင်နေခြင်း ဖြစ်သည်။


မတ်လဆန်းပိုင်းမှ စတင်ပြီး ပူတာအိုမြို့တွင်း ရပ်ကွက်များသို့ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုမထမ်းမနေရ အမိန့်ဆင့်ခေါ်စာများ စတင်ဖြန့်ဝေထားပြီးနောက် မြို့တွင်း ညအချိန်အခါတွင် ရှောင်သခင်ဖမ်းဆီးမှုများ လုပ်ဆောင်နေကြသောကြောင့် သက်ပြည့်လူငယ် အများပိုင်းမှာ ဘေးလွှတ်ရာနေရာများသို့ တိမ်းရှောင်နေကြရကြောင်းလည်း ထပ်မံပြောသည်။


အလားတူ စစ်ကောင်စီ၏ လက်အောက်ခံဖြစ်သည့် ဌာနေပြည်သူ့စစ်ဖြစ်သည့် ဦးတန်ဂူးတန်အဖွဲ့များမှလည်း ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်များတွင် လူငယ်များ ပြည်သူ့စစ်အဖွဲ့သို့ အမြန်ဆုံး လာရောက်တာဝန် ထမ်းဆောင်ရန် ဖိအားပေး စည်းရုံးမှုများလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page