top of page

ပူတာအိုမြို့တွင်း ရပ်ကွက်များတွင် လူငယ်များ စစ်မှုထမ်းရန် မဲပေါက်သည့် ဆင့်ခေါ်စာများ ပေးပို့လာ

  • Writer: Pajau Media
    Pajau Media
  • Mar 24, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင်း ရပ်ကွက်များတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှ အသက်၁၈နှစ်နှင့် ၃၅နှစ်ကြား လူငယ်များကို စာရင်းပြုစုမဲနှိုက်ပြီး မဲပေါက်သူများကို ဆင့်ခေါ်စာ စတင် ပေးပို့နေပြီဟု ဒေသခံများက ပြောသည်။


ဆင့်ခေါ်စာ ပေးပို့ခံရမှုနှင့် ပတ်သတ်ပြီး "မနေ့ကပဲ အုပ်ချုပ်ရေးမှူးက မဲပေါက်တဲ့ အိမ်တွေဆီ ဆင့်ခေါ်စာပေးပို့နေပြီ၊ ငါတို့ရပ်ကွက်မှာ မနေ့ကပဲ သုံးယောက်မဲပေါက်ကြတယ်၊ သူတို့ကောက်ယူထားတဲ့ လူငယ်စာရင်းထဲမှာ ငါတို့ရပ်ကွက်ထဲက (၆၃)ယောက်ပါတယ်။ နောက်ထပ်ဘယ်နစ် ယောက်ထပ်ပေါက်အုံးမလဲ မသိသေးဘူး။ အားလုံးက အိပ်မပျော်၊ စားမဝင် စိတ်မကောင်း ဖြစ်နေကြပြီ" ဟု‌ လေယာဉ်ကွင်းရပ်ကွက်(၄)မှ ဒေသခံတစ်ဦးကဆိုသည်။


ပူတာအိုလေယာဉ်ကွင်း ရပ်ကွက်မှ စာရင်းကောက်ယူထားသည့် လူငယ် (၆၃)ဦးရှိသည့်အနက် စစ်ကောင်စီ၏ စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်စာရင်းမှာ (၃)ဦးပါဝင်ကြောင်း သိရသည်။ ယင်းမဲပေါက်သူများကို မတ်လ ၂၂ရက်နေ့တွင် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဆင့်ခေါ်စာပေးပို့ထားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


လေယာဉ်ကွင်း ရပ်ကွက်(၄)တွင် အိမ်ခြေစုစုပေါင်း (၁၈၀)ကျော်ရှိပြီး စစ်ကောင်စီစစ်မှုထမ်းရန် လူဝင်မှုကြီးကြပ်ရေးနှင့် ထွေအုပ်ဌာနမှ ကောက်ယူထားသည့် စာရင်းအရ သက်ပြည့်လူငယ်များ (၆၃)ဦးအထိ ရှိနေသည့်အနက် ယင်းစာရင်းများတွင် ဘာသာရေးဆရာအချို့များ၏ နာမည်စာရင်းနှင့် သေဆုံးပြီးသူများ၏ နာမည်စာရင်းများလည်း ပါဝင်နေသည်ဟု ထပ်မံသိရှိရသည်။


ဒေသခံများ ပြောပြချက်အရ စစ်ကောင်စီမှ စာရင်းကောက်ယူ၊ မဲပေါက်ပြီးရွေးခြယ်မှုမှာ ဒေသခံများပင် မသိရကြောင်းနှင့် ဆင့်ခေါ်စာ ပေးပို့လာမှသာလျှင် သိရသည်ဟု ပြောသည်။


ထို့ကြောင့် ဒေသခံများမှာ ကာယံကံရှင်များပင် မသိအောင် စာရင်းကောက်ယူပြီး မဲဖောက်ပေးခြင်းနှင့် ဆင့်ခေါ်စာများ ပေးပို့လာမှုအပေါ် ပူတာအိုဒေသခံ လူငယ်များအနေဖြင့် များစွာ စိုးရိမ်ဖွယ်ရာ ဖြစ်နေကြောင်း ဆိုသည်။


စစ်ကောင်စီမှ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် အသက်သွင်းကြေညာထားပြီးနောက် ကချင်ပြည်နယ်ရှိ အချို့မြို့များတွင်လည်း အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူငယ်များ စစ်မှုထမ်းရန် ဆင့်ခေါ်စာများကို မတ်လ ၁၇ရက်နေ့မှစ၍ စတင်ပေးပို့လာနေပြီကြောင်း သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page