top of page

ပူတာအိုမြို့နယ်တွင် ကုန်ဈေးနှုန်းများ ယခင်ထက် ၃ဆအထိ မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • Apr 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း ကားလမ်းပိတ်ပင်ထားခဲ့သည်မှာ တစ်လကျော် ကြာမြင့်လာပြီဖြစ်သောကြောင့် ကြက်ဥ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး နှင့် အခြားကုန်ဈေးနှုန်းများ ယခင်ဈေးထက် ၃ဆအထိ မြင့်တက်နေသည်ဟု ဒေသခံများက ပြောသည်။


"အခုဆိုရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးတွေကအစ ပိသာအလိုက် မရောင်းတော့ဘူး။ အလုံးလိုက်ရေပြီး ဝယ်ယူနေရတယ်။ ကြက်သွန်ဖြူ သုံးလုံးကို ငါးထောင်ကျပ်၊ ခရမ်းချဉ်သီးခုနှစ်လုံးမှာ (၅,၀၀၀)ကျပ် အဲ့လို ပေးဝယ်နေရတယ်၊ အခုဆိုရင် ဘိလပ်မြေ ဈေးကလည်း တစ်အိတ်ကို အနည်းဆုံး ရှစ်သောင်းခွဲရှိသွားပြီ" ဟု ပူတာအို မြို့မဈေးသည်တစ်ဦးက ပြောသည်။


ယခင်ကဲ့သို့ ကုန်စည်များကို ပိသာအလိုက် ချိန်မရောင်းတော့ပဲ၊ ကြက်သွန်ဖြူ သုံးလုံးလျှင် ငါးထောင်ကျပ်၊ ခရမ်းချဉ်သီး ခုနှစ်လုံးလျှင် ငါးထောင်ကျပ် စသည်ဖြင့် အလုံးရေနှင့်သာ ရောင်းချပေးကြောင်းနှင့် ဘိလပ်မြေ တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ ဓာတ်ဆီတစ်လီတာလျှင် (၁၅,၀၀၀)ကျပ်အထိ မြင့်တက်နေပြီး ယခင်ဈေးထက် ၃ဆ မြင့်တက်နေသည်ဟု ဆိုသည်။


အလားတူ ဆန်ဈေးနှုန်းများနှင့် အခြားစားသောက်ကုန်ပစ္စည်းများလည်း ယခင်ဈေးထက် ၃ဆခန့် မြင့်တက်နေကြောင်းကို ပူတာအို ဒေသခံတစ်ဦးက ထပ်မံပြောပြသည်။


"စားသောက်ကုန်ပစ္စည်းဈေးနဲ့ ပတ်သက်ရင် ပူတာအိုမှာ ခေါင်းထိနေပြီ၊ တစ်ချို့စားသောက်ကုန်တွေက ရှာလို့တောင်မရဘူး၊ အရင်လထဲမှာ ရိုးရိုးဆန်နဲ့ ဒေသထွက် လယ်ဆန်တစ်ပြည်ကိုမှ အမြင့်ဆုံး(၄,၆၀၀)ကျပ်နဲ့ ဝယ်လို့ရတယ်။ အခုတော့(၇,၀၀၀) ကျပ်က အနှိမ့်ဆုံးဈေးဖြစ်နေပြီ၊ ရွာတွေမှာလည်း ပိုဆိုးတယ်။ ရှာလို့တောင် မရတော့ဘူး။ ဆန်တစ်ပုံး(၈)ပြည်ကို၊ ငါးသောင်းခွဲနဲ့ ရောင်းနေကြပြီ။ ဒါတောင် အများကြီး ရှာဝယ်လို့မရဘူး"


ထို့အပြင် ယခင်လမ်းမပိတ်ခင်တွင် CPကြက်ဥ တစ်လုံးလျှင် (၂၀၀)ကျပ်မှ ယခုအချိန်တွင် တစ်လုံးလျှင် (၁,၅၀၀)ကျပ်ဖြင့် ပေးဝယ်နေရကြောင်း ထပ်မံသိရသည်။


ပြီးခဲ့သည့် မတ်လ (၇)ရက်နေ့မှစ၍ KIA/KPDF ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ပွဲများကြောင့် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းများ ပိတ်ပင်ထားခဲ့ရာ ယနေ့ ဧပြီလ ၁၀ရက်နေ့တွင် တစ်လကျော်ကြာမြင့်လာပြီ ဖြစ်သည်။


ထိုသို့ ကားလမ်းများ ပိတ်ပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်ကာ သယ်ယူပို့ဆောင်ရေး မရှိသောကြောင့် ယခုအချိန်တွင် ပူတာအိုမြို့နယ် ဒေသခံများမှာ အဖက်ဖက်မှ ခက်ခဲမှုများ ကြုံတွေ့နေရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း-မလိခူး


Comentarios


Pajau Media

Thanks for subscribing!

bottom of page