ပူတာအိုမြို့နယ်တွင် ဌာနေပြည်သူ့စစ်အဖွဲ့မှ လူငယ်အယောက်(၂၀၀)ခန့်အား စစ်သင်တန်းပေး
- Pajau Media

- Mar 9, 2024
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဆာရ်ခွမ်ဒမ်းကျေးရွာအုပ်စုအတွင်း ယခုမတ်လဆန်းပိုင်းမှစ၍ ဌာနေပြည်သူ့စစ် (ဦးတန်ဂူးတန်)အဖွဲ့မှ ဒေသခံလူငယ် အယောက်(၂၀၀)ခန့်ဝန်းကျင်အား စစ်ရေးသင်တန်းပေးနေကြောင်း သိရသည်။
"အရင်လတွေကတည်းက ပြည်သူ့စစ်တွေအနေနဲ့ မချမ်းဘောမြို့နယ် ထရန်ဒမ်းအုပ်စု၊ ပူတာအိုမြို့နယ်၊ ဆာရ်ခွမ်ဒမ်းအုပ်စု၊ ဇီးအွန်ကျေးရွာ၊ အထက်ဆန်ဂေါင်ကျေးရွာဘက်တွေမှာ ပြည်သူ့စစ်ထဲဝင်ကြဖို့ စည်းရုံးတာ၊ အမိန့်ထုတ်ကြေညာတာတွေလုပ်ခဲ့တယ်။” ဟု မချမ်းဘောမြို့နယ်မှ ဒေသခံတစ်ဦးမှ ပြောပြသည်။
ပြည်သူ့စစ်တပ်မှ ပြီးခဲ့သည့် နှစ်ဆန်း ဖေဖော်ဝါရီလမှစပြီး ကျေးရွာအချို့ရှိ လူငယ်များထံ ပြည်သူ့စစ်တပ်ထဲ ဝင်ကြဖို့ အမိန်ထုတ်ပြန်ကြေညာကာ၊ အချို့လူငယ်များကိုမူ ပြည်သူ့စစ်တပ်မှ စစ်သားစုဆောင်းရေး လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
ယင်းနောက်ပြီး ယခုလ မတ်လဆန်းပိုင်းတွင် အယောက်(၂၀၀) ဝန်းကျင်ရှိသည့် လူငယ်များအား ပြည်သူ့စစ်မှ စစ်ရေးသင်တန်းများ ပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
အထက်ပါ မချမ်းဘောမြို့မှ ဒေသခံတစ်ဦးက “သူတို့က ဒေသခံလူငယ်တွေကို ကိုယ့်ဒေသကာကွယ်ဖို့ စစ်တပ်ထဲအမြန်ဝင်လာကြဖို့နဲ့ ကိုယ့်စိတ်နဲ့ကိုယ် ဝင်လာကြမယ့် လူတွေကို တစ်လ လစာ(၂၀၀,၀၀၀) ကျပ်အပြင် ရိက္ခာတွေထောက်ပံ့ပေးမယ်၊ ကိုယ့်ဒေသထဲမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ပေးမယ်၊ ကိုယ့်ဆန္ဒနဲ့မဟုတ်ဘဲ ဖမ်းစီးခေါ်ယူခြင်းခံရသူက ရှေ့တန်း၊ စစ်မြေပြင်ကို စေလွှတ်ခံရမယ်လို့ ကြေြငာချက် ထုတ်ပြန်ထားတာ” ဟု ဆက်လက် ပြောပြသည်။
ပူတာအို ဌာနေပြည်သူ့စစ်များသည် ယခုနှစ် ဇန္နဝါရီလဆန်းပိုင်းမှ စ၍ ဒေသခံလူငယ်များအား စစ်တပ်ထဲသို့ ဝင်လာရန် စည်းရုံးလှုပ်ဆော်မှုများကို ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ် ကျေးရွာအသီးသီးသို့ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြေင်း သိရသည်။
ယင်းကဲ့သို့ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ပြီး နှစ်လအကြာ၊ မတ်လဆန်းတွင် စစ်ကောင်စီတပ်နှင့် ဌာနေပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့သည် ဒေသခံလူငယ် အယောက် (၂၀၀)ခန့်အားခေါ်ယူပြီး စစ်ရေးသင်တန်း စတင်သင်ကြားနေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း- မလိခူး




Comments