top of page

ပူတာအိုမြို့နယ်တွင် ပထမဦးဆုံး တစ်နာရီနှစ်သောင်းကျပ် အင်တာနက်လိုင်းဆိုင် ဖွင့်လှစ်လာဟုဆို

  • Writer: Pajau Media
    Pajau Media
  • Sep 27, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊စက်တင်ဘာ၊၂၀၂၄။

 


နှစ်လကျော်ကြာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ဖြတ်တောက်ထားသည့် ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် တစ်နာရီနှစ်သောင်းကျပ်နှုန်းဖြင့် အင်တာနက်အသုံးပြုနိုင်သည့် အင်တာနက်လိုင်းဆိုင်တစ်ဆိုင် စတင်ဖွင့်လှစ်လာကြောင်း ပူတာအိုဒေသခံများ ပြောကြားလာသည်။


"လေယာဉ်ကွင်းရပ်ကွက်(၂)မှာ Starlinkနဲ့ အင်တာနက်သုံးလို့ရတဲ့ဆိုင် တစ်ဆိုင်ဖွင့်ထားပြီ၊ အခုဆို တစ်ပတ်လောက်ရှိပြီလေ။ တစ်နာရီအသုံးပြုခကို ကျပ်နှစ်သောင်းပေးရတယ်၊ လူလည်းအများကြီးသုံးလို့မရပြန်ဘူး။ သူတို့ကန့်သတ်ထားတော့စောင့်ရတယ်၊ တန်းစီရတာပေါ့။” ဟု NGOဝန်ထမ်း ဒေသခံတစ်ဦးက ပြောသည်။


လိုင်းဖြတ်တောက်ပြီးနောက် ပူတာအိုမြို့နယ်တွင် ပထမဦးဆုံး ဖွင့်လှစ်သည့် အင်တာနက်လိုင်းဆိုင်ဖြစ်သောကြောင့် ယင်းဒေသရှိ ပြည်သူများ အလုအယက်တန်းစီ သုံးစွဲနေရပေမယ့် အချို့ဒေသခံများမှာ တစ်နာရီနှစ်သောင်းကျပ်ကို ဈေးကြီးလွန်းသည်ဟု ပြောဆိုနေကြသည်။


“တစ်နာရီအသုံးပြုခကို နှစ်သောင်းပေးရတော့ အရမ်းဈေးကြီးလွန်းတယ်လေ၊ အရမ်းကိုအရေးကြီးတဲ့ အလုပ်ကိစ္စမျိုးနဲ့မှ မဟုတ်ရင် လူတိုင်းသုံးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ဟု အထက်ပါဝန်ထမ်းက ဆက်ပြောသည်။


ပူတာအိုမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအထိ MPT, Atomနှင့် Mytel အော်ပရေတာဖုန်းလိုင်းများ ပိတ်ထားဆဲ ဖြစ်ပြီး၊ Ooredoo နှင့် MEC ဖုန်းလိုင်းနှစ်ခုသာ နေရာကွက်ကြား အချိန်အကန့်အသတ်ဖြင့် အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။ စက်တင်ဘာလဆန်းနောက်ပိုင်းမှ Atom ဖုန်းလိုင်းများ စတင်ဖွင့်လှစ်လာကြောင်း ဒေသခံများ ပြောသည်။


ယခုကဲ့သို့ အင်တာနက်လိုင်းဆိုင်အချို့ စတင်ဖွင့်လှစ်လာပေမယ့် ဈေးကြီးလွန်းခြင်းကြောင့် အများပြည်သူများအတွက် သင့်လျောက်ပြီး အများစုအသုံးပြုနိုင်သည့် ဈေးနှုန်းဖြင့် ဖွင့်လှစ်ပေးစေချင်ကြောင်းလည်း ဒေသခံများ မျော်လင့်နေကြသည်။


ဇူလှုင်လ၂၁ရက်နေ့နောက်ပိုင်းမှစပြီး ကချင်တစ်ပြည်နယ်လုံး ဖုန်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ပြီးနောက် ဖားကန့်မြို့နှင့် မြစ်ကြီးနားမြို့များတွင် တစ်နာရီနှစ်သောင်းကျပ်ဖြင့် အင်တာနက်ဆိုင်များ ဝေဝေဆာဆာ ဖွင့်လှစ်အသုံးပြုခဲ့ကြပေမယ့် ပူတာအိုမြို့နယ်တွင် ယခုမှသာ စတင်ဖွင့်လှစ်လာခြင်းဖြစ်ပြီး၊ တစ်ပတ်မျှသာ ရှိနေသေးကြောင်းလည်း ထပ်မံသိရသည်။


သတင်း - မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page