ပူတာအိုမြို့နယ်ရှိ ကျေးလက်ဒေသခံများ ကျန်းမာရေး ဝန်ဆောင်မှု အခက်အခဲကြုံနေ
- Pajau Media

- Feb 16, 2024
- 1 min read
ပါဂျောင်မီဒီယာ
၁၆ရက်၊ဖေဖော်ဝါရီ,၂၀၂၄ခုနှစ်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ဒေသရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် ဆေးပေးခန်းများတွင် ဆရာဝန်၊ ဆရာ/မများ လုံလောက်မှု မရှိသောကြောင့် ဒေသခံပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှု အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
ဒေသခံများမှာ ဆေးရုံကြီးများ အပါအဝင် ကျေးလက်ဆေးပေးခန်းများတွင်ပင် ကျန်းမာရေး ဆရာဝန်နှင့် ဆရာ/ဆရာမများ လုံလောက်စွာ မရရှိတာကြောင့် အစိုးရကျန်းမာရေး စောင့်ရှောက်မှုမှာ ဒေသအတွင်း အလွန်ပင် အားနည်းနေခဲ့သည်ဟု ဆိုသည်။
"အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေး ကဏ္ဍတွေတောင် အရင်ကကျေးရွာအုပ်စုအလိုက် သူတို့နဲ့ သက်ဆိုင်တဲ့ တိုက်နယ်ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေမှာ ပုံမှန်အတိုင်း ကာကွယ်ဆေးထိုးပေးတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနိုင်ခဲ့တယ်၊ အခုတော့ မြို့နယ်ကနေပဲ အလှည့်ကျပုံစံ ၂လတစ်ကြိမ် (သို့) ၃လတစ်ကြိမ်လောက်ပဲ ကာကွယ်ဆေးတွေ ထိုးနှံ ပေးနိုင်တယ်" ဟု ခရိုင်ပြည်သူ့ဆေးရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ပူတာအိုမြို့နယ်၊ ကျေးလက်ဒေသခံတစ်ဦး ပြောပြချက်အရ ကျေးရွာအတွင်း ဆေးပေးခန်းပင် မရှိသည့်အလျောက် အရေးပေါ် ကုသမှုလိုအပ်သည့် လူနာများသည်လည်း မြို့တွင်းသို့ သွားရောက်ကုသရန်ပင် လမ်းခရီးခက်ခဲသောကြောင့် ဒေသတွင်း တိုင်းရင်းဆေးနဲ့ပဲ ကုသကြရသည်ဟု ဆိုသည်။
"ခရိုင်ပြည်သူ့ဆေးရုံမှာတောင် ဆရာဝန်၊ ဆရာမတွေ လုံလုံလောက်လောက်မရှိတာ တိုက်နယ်ဆေးရုံတို့ ကျေးလက်ကျန်းမာရေး ဌာနတွေမှာ ဆရာမတွေ လုံလောက်စွာ တာဝန်ချထားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး" ဟု ကျန်းမာရေး တာဝန်ရှိသူတစ်ဦးလည်း ထပ်မံပြောကြားသည်။
တိုင်းပြည်နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ကျန်းမာရေး ဆရာ/ဆရာမများနှင့် ဆရာဝန်များ များစွာ အနားယူလိုက်ခြင်းအပြင် အစိုးရကျန်းမာရေး ဝန်ထမ်းများ ကျေးလက်သို့ မရောက်ရှိတော့ကြောင်း ဒေသခံများ ပြောသည်။
ပူတာအိုမြို့နယ် ကျေးလက်ဒေသရှိ ဒေသခံများသည် ကျန်းမာရေး ဝန်ထမ်းမရရှိခြင်းအပြင် မြို့အဝင်အထွက် ဂိတ်များတင်းကြပ်ထားခြင်း၊ ည၆နာရီမှ မနက်၆နာရီအတွင်း ဖြတ်သန်းသွားလာခွင့်များ ပိတ်ပင်ထားမှုများကြောင့် အရေးပေါ်လူနာများ ဆေးရုံသို့ အချိန်မှီ ပို့ဆောင်နိုင်ရေးမှာ ခက်ခဲမှုများစွာ ကြုံတွေ့ကြရသည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ်အစောပိုင်း ကာလတွင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကို ပူတာအိုမြို့ စစ်တပ်ဆေးရုံနှင့် ခရိုင်ပြည်သူ့ဆေးရုံတို့မှ ပူးတွဲလုပ်ဆောင်ပေးခဲ့ခြင်းများ ရှိခဲ့သော်လည်း ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး စစ်တပ်ဆေးရုံတွင် ပြည်သူများ ဆေးကုသခွင့်ကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။
သတင်း- မလိခူး




Comments