top of page

ပူတာအိုမြို့နယ် လုံရှာယာန်နှင့် ဆွမ်ပီယာန်အုပ်စုအတွင်း စစ်ကောင်စီမှ ညမထွက်ရအမိန့်ထုတ်ပြန်ထား

  • Writer: Pajau Media
    Pajau Media
  • Mar 18, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊မတ်လ၊၂၀၂၄ခုနှစ်။


ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ လုံရှာယန်ကျေးရွာနှင့် ဆွမ်ပီယာန်ကျေးရွာတို့တွင် မတ်လ ၁၆ရက်နေ့မှစ၍ စစ်ကောင်စီတပ်စခန်းမှ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်သည်ဟု ဒေသခံများက ပြောသည်။


"စခန်းမှူးက အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်မှူးတွေကို စာပေးလာတယ်၊ ရွာထဲကလူတွေ ည ၇ နာရီနောက်ပိုင်း အိမ်ထဲကနေ အိမ်ပြင်မထွက်ရ အမိန့်ကြေငြာစာပေးထားတယ်၊ တကယ်လို့ ညအပြင်ထွက်ပြီးမှ ဖြစ်လာတဲ့ ပြဿနာကိုတော့ ငါတို့ရွာလူကြီးတွေလည်း ဘာမှတာဝန်ယူပေးလို့ မရတော့ဘူး" ဟု လုံရှာယာန်ကျေးရွာ ရွာလူကြီးတစ်ဦးက ပြောသည်။


စစ်ကောင်စီက ခ.လ.ရ (၄၆)နှင့် ဦးတန်ဂူးတန်၏ ဌာနေပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ စခန်းချနေထိုင်သည့် ဆွမ်ပရာဘွမ်မြို့ကို မတ်လ ၁၆ရက်နေ့တွင် KIA/KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လုံရှာယာန်အုပ်စုနှင့် ဆွမ်ပီယာန်အုပ်စုအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။


 


"တပ်ဘက်က အခုဒီသင်္ကြန်မတိုင်ခင် Recruitment (တပ်သားအသစ်စုဆောင်းခြင်း) လုပ်တော့မယ်လို့ ပြောနေပြီ၊ ညအပြင်ထွက်တဲ့ လူငယ်တွေ ပါသွားရင်တော့ ငါတို့ဘက်ကနေလည်း ဘာမှပြောပိုင်ခွင့် မရှိတော့ဘူး" ဟု အုပ်ချုပ်ရေးမှူးက ထပ်မံပြောဆိုသည်။


ပြီးခဲ့သည့် မတ်လ ၁၆ရက်နေ့တွင် လုံရှာယာန်အုပ်စုအတွင်းရှိ ရပ်ကွက်ပေါင်း(၉)ခုမှ ရွာလူကြီးများကို လုံရှာယာန် စစ်ကောင်စီတပ် စခန်းမှူးက အစည်းအဝေးခေါ်ယူကာ၊ ညမထွက်ရအမိန့် ထုန်ပြန်ကြောင်း သတိပေးခဲ့သည့်အပြင် ဆွမ်ပီယာန်အုပ်စုအတွင်းမှ ဒေသခံပြည်သူများကိုလည်း မနက် ၆နာရီမှ ည၆နာရီအတွင်း အိမ်အပြင်မထွက်ရန် ပြောဆိုထားသည်ဟု ဆိုသည်။


ထို့အပြင် တိုက်ပွဲများ ဖြစ်ပွားလာပါက ရွာသားများ ထွက်ပြေးတိမ်းရှောင်ခြင်းမျိုး မပြုလုပ်ရကြောင်း ထပ်မံသတိပေးထားသည်ဟု ပြောသည်။


လက်ရှိအချိန်တွင် မြစ်ကြီးနား-ပူတာအိုသွား ကားလမ်းတ‌‌စ်လျှောက် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှလည်း လုံရှာယာန်နှင့် ဆွမ်ပီယာန်အုပ်စုများတွင် အင်အားဖြည့်တပ်သား အများအပြားချကာ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်ဟု သိရှိရသည်။


 သတင်း- မလိခူး

Comments


Pajau Media

Thanks for subscribing!

bottom of page