top of page

ပူတာအိုမြို့ပေါ်မှ ဒေသခံများ ဘေးလွတ်ရာသို့ စတင်တိမ်းရှောင်လာ

  • Writer: Pajau Media
    Pajau Media
  • May 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊မေလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုမြို့ပေါ်တွင် ယခုလ ၂၆ရက်နေ့ နောက်ဆုံးထား၍ ရွှေ့ပြောင်းရမည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်လာပြီး မြို့ခံပြည်သူများလည်း တိမ်းရှောင်ရန် ပြင်ဆင်နေကြသည်ဟု ပူတာအိုမြို့ခံ တစ်ဦးက ပြောသည်။


အချို့ဒေသခံပြည်သူများမှာ ယင်းသတင်းကြောင့် ပစ္စည်းနှင့် ရိက္ခာများကို မြို့ပြင်ဖြစ်သည့် ဘေးလွတ်ရာဒေသသို့ စတင်ရွှေ့ဆိုင်းနေကြပြီဟု ဆိုသည်။


"သတင်းတွေ အမျိုးမျိုးပဲ အရင်တစ်ပတ်ကတည်းက ထွက်နေပြီ၊ ဒီတစ်ပတ်ထဲမှာတော့ ပူတာအိုမြို့ပေါ် ရပ်ကွက်ကလူတွေ ဆန်၊ စပါး၊ ဆေးဝါးနဲ့ ပစ္စည်းတွေ ပြင်ဆင်ပြီးတော့ မြို့အပြင်ကို ရွှေ့နေကြတာ အများကြီးပဲ၊ စစ်တပ်နဲ့ နီးတဲ့ရပ်ကွက်တွေဆို အများပိုင်းထွက်ပြေးနေကြပြီ" ဟု ပူတာအို မြို့မရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။


ပြီးခဲ့သည့် အပတ်မှစ၍ ပူတာအိုမြို့သိမ်းတိုက်ပွဲ စတင်လာမည်ဖြစ်သောကြောင့် ယခုလ ၂၆ရက်နေ့ နောက်ဆုံးထားပြီး အမြန်ဆုံး တိမ်းရှောင်ကြရန် သတင်းများ ထွက်ပေါ်နေကာ၊ ဒေသခံအများအပြားလည်း ယမန်နေ့မှ စတင်ထွက်ခွာ တိမ်းရှောင်နေကြပြီ ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ပူတာအိုဒေသတွင် မတ်လ၉ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲများကြောင့် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ တင်းမာနေဆဲ ဖြစ်သည့်အပြင် ကုန်းလမ်းဖြစ်သည့် မြစ်ကြီးနား-ပူတာအိုသွား ပြည်ထောင်စုကားလမ်းမကြီးလည်း ပိတ်ပင်ထားဆဲဖြစ်သည်။


ထို့ကြောင့် ကုန်စည်ဝင်ရောက်မှုမရှိသည့် ပူတာအိုဒေသ၏ ကုန်ဈေးနှုန်းများမှာလည်း ယခင်ဈေးနှုန်းထက် အဆမတန်မြင့်တက်နေပြီး မရှိဆင်းရဲ ဒေသခံပြည်သူများမှာ ငတ်မွတ်ခေါင်းပါးသည့် အခြေအနေပင် ရောက်ရှိလာနိုင်သည်ဟု ဆိုသည်။


ဒေသခံတစ်ဦး၏ ပြောပြချက်အရ လက်ရှိ ပူတာအိုဒေသ ကုန်ဈေးနှုန်းမှာ ဒေသထွက် ဆန်ကြမ်းနို့ဆီဗူး ၆ဗူးလျှင် ၁၀၀၀၀ကျပ်၊ ဆီတစ်ပိသာလျှင် ၂၁၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိရှိနေပြီး၊ ကြက်ဥ၄လုံးလျှင် ၅၀၀၀ကျပ်နှင့် ဓာတ်ဆီတစ်လီတာ(700ml)လျှင် ၈၀၀၀၀ကျပ်အထိ မြင့်တက်နေကြောင်း သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page