top of page

ပူတာအိုမှ ဘာသာရေးဆရာတစ်ဦး ကားချောက်ထဲထိုးကျ သေဆုံး၊ ရုပ်အလောင်းကို ယနေ့သဂြိုလ်မည်

  • Writer: Pajau Media
    Pajau Media
  • Mar 9, 2024
  • 1 min read

Updated: Mar 12, 2024

ပါဂျောင်မီဒီယာ

၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုမြို့မှ မြစ်ကြီးနားသို့ အသွား လမ်းမှာ ကားအပါ ချောက်ထဲထိုးကျ သေဆုံးခဲ့သည့် ကောင်ကထောင်ရပ်ကွက်မှ ဘာသာရေးဆရာ၏ ရုပ်အလောင်းကို ယနေ့ မတ်လ၉ရက်နေ့၌ သဂြိုလ်မည်ဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူတစ်ဦး ပြောပြချက်အရ သိရသည်။


သေဆုံးသူ ဘာသာရေးဆရာမှာ ပူတာအိုမှ မြစ်ကြီးနားသို့အသွား လမ်းမှာ ကားအရှိန်မထိန်းနိုင်ဘဲ ဆင်နန်းချောင်း (Tsanam Hka) ဝန်းကျင်အရောက်တွင် ချောက်အတွင်းသို့ ကားအပါ ထိုးချကာ အသက်သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ၅ရက်နေ့က မြစ်ကြီးနားတွင် နေထိုင်နေသည့် သားသမီးများကို သွားခေါ်ချိန် လမ်းမှာ ကားမှောက်ကာ အသက်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။




ဆရာကြီးနှင့် နီးစပ်သူ ဒေသခံတစ်ဦးက “ဆရာကြီးက မတ်လ ၅ရက်နေ့မှာ မြစ်ကြီးနားက သူ့သားသမီးတွေကို သွားကြိုမယ်ဆိုပြီး ဆင်းသွားလိုက်တာ၊ ဒါမဲ့ ကလေးတွေနဲ့တော့ အဆက်အသွယ်မရဘူး။ စုံစမ်းကြည့်တော့မှ ဆွမ်ပရာဘွမ်မြို့အကျော် လိုင်ဆုန်းယာန်ကျေးရွာအနီး ဆင်နန်းချောင်းဝန်းကျင်အနားမှာ ကားအပါ ချောက်ထဲ ထိုးကျသေဆုံးခဲ့တာ၊ မတ်လ ၇ရက်နေ့မှ သိရတာ။” ဟု အကြောင်းစုံကို ပြောပြခဲ့သည်။


ယင်းနောက်ပိုင်းချိန်မှ ပူတာအိုခန္ဒီးလူမှုကူညီရေးအသင်းနှင့် အသင်းတော်မှ တာဝန်ရှိသူ ရပ်မိရပ်ဖများ သွားရောက်ကာ ရုပ်အလောင်းကို ယမန်နေ့ မတ်လ၈ရက်နေ့ ညနေပိုင်းတွင် ပူတာအို မိသားစုဝင်များဆီ သယ်ယူနိုင်ခဲ့သည်ဟု ဆိုသည်။


“ဆရာက ပူတာအိုမှာ အသင်းတော်မှ လိုအပ်တဲ့ အစည်းအဝေးပြုလုပ်ပြီး နောက်နေ့မှာတင် သူတစ်ယောက်ထဲ အိမ်စီးကား မော်တော်အဖြူနဲ မြစ်ကြီးနားဆင်းသွားလိုက်တာ၊ သူထိုးကျသွားခဲ့တဲ့ နေရာမှာက လမ်းအကွေ့အကောက်တွေလည်း မရှိသေးဘူး၊ လမ်းအဖြောင့်တိုင်းပဲ ရှိသေးတာ၊ ဘယ်လိုလုပ်ပြီး ချောက်ထဲထိုးကျသွားတာလဲ ကျနော်တို့လည်း မပြောတတ်သေးဘူး။ သူတစ်ယောက်ထဲဆိုတော့ အိပ်ငိုက်လို့များလား မပြောတတ်ဘူး။ အခုက ရုပ်အလောင်းကို ပူတာအိုကို သယ်ယူနိုင်ခဲ့ပြီ” ဟု ဧဝံဂလိ အသင်းတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


သေဆုံးသူမှာ အသက်(၆၂)အရွယ်၊ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး သားသမီး(၅)ဦးရှိသည့်အပြင် ပူတာအို ဧဝံဂေလိအသင်းတော် AG DC -5မှ ဥက္ကဌဆရာကြီး ဦးဂျေရဲနော်ဆိုသူ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပူတာအို AG DC-5 အသင်းချုပ်၏ ဥက္ကဌဆရာကြီးဖြစ်သည့်အပြင် မြန်မာနိုင်ငံ AG အသင်းတော်ချုပ်၏ ကော်မတီဝင်တစ်ဦးအဖြစ်လည်း ဆောင်ရွက်နေသူ ဖြစ်သည်။


သတင်း - ဟူးကောင်းသူ


Comments


Pajau Media

Thanks for subscribing!

bottom of page