ပူတာအိုမြို့၊ မူလာရှိးဒီးရပ်ကွက်ရှိ ခရိုနီဦးတေဇ၏ "Malikha Lodge" ဟိုတယ် မီးလောင်မှုဖြစ်ပွား
- Pajau Media

- Apr 20, 2024
- 1 min read
ပါဂျောင်မီဒီယာ
၂၀ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့၊မူလာရှိးဒီးရပ်ကွက်ရှိ၊ ခရိုနီဦးတေဇပိုင် Putao Malikha Lodge ဟိုတယ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်က မီးလောင်ပြီး အဆောင် ၂ ခု ပြာကျသွားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ဦးတေဇပိုင် Putao Malikha Lodge မီးလောင်ကျွမ်း ရသည့် အကြောင်းအရင်းကို မသိရှိရသေးသော်လည်း ဝန်းထမ်းများ၏ ထွက်ဆိုချက်အရ စားဖိုချောင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
" ဘယ်လိုဖြစ်လို့လောင်သွားတယ်ဆိုတာ ဘယ်သူမှအသိအကျတော့ မသိဘူးလို့ပြောတယ်၊ မီးဖိုချောင်ဘက်ကနေပဲ စလောင်သလိုလိုလည်း ပြောကြတာပဲ၊ လျှပ်စစ်မီးနဲ့တော့မဖြစ်နိုင်ဘူး အဲ့ဒီချိန်က မီးလည်းမလာဘူးလေ။"ဟု မူလာရှီးဒီး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် မီးလောင်မှုထဲတွင် ဘန်ဂလိုအဆောင် နှစ်လုံးသာ ပြာကျသွားကြောင်းနှင့် စစ်တပ်မှ မီးငြိမ်းကူခဲ့ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။
"မီးထဲပါသွားတာတော့ ဘန်ဂလိုအဆောင်နှစ်လုံးပါသွားတယ်၊ တော်သေးတာပေါ့ မိုးလင်းပြီးတဲ့အချိန်မို့လို့ အနီးနားကလူတွေရော၊ ခ.လ.ရ (၁၃၈) တပ်က မီးတပ်ကားတွေလာပြီး မီးငြိမ်းသတ်ကူလိုက်လို့ တခြားအဆောင်တွေဆီ မကူးအောင် ကယ်ပေးလိုက်နိုင်တာ"
ဦးတေဇ၏ Putao Malikha Lodge ဟိုတယ်သည် ၂၀၁၀ခုနှစ်လောက်က စတင်ဖွင့်လှစ် လည်ပတ်ခဲ့ပြီးနိုင်ငံတော်အဆင့် လူကြီးများနှင့် သူဌေးသူကြွယ်များသာလျှင် အများအားဖြင့် တည်းခိုကြသည့်နေရာလည်းဖြစ်ကာ အလွန် ဈေးမြင့်မားသည့်ဟိုတယ်တစ်ခုဖြစ်ကြောင်း သိရသည်။
သတင်း- မလိခူး










Comments