ပူတာအိုမြို့ရှိ အထကပညာရေးကျောင်းတစ်ကျောင်းတွင် ကျောင်းသုံးဗလာစာအုပ်ဖိုးဟုဆိုကာ ကျောင်းသားတစ်ဦးလျှင် (၃၀၀၀၀)ကျပ်စီအတင်းအဓမ္မကောက်ခံ၊ ကျောင်းသားမိဘများမှ ပညာရေးမှူးရုံးသို့ တိုင်ကြား
- Pajau Media
- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ
၁၆ရက်၊ဇွန်လ၊၂၀၂၅။

ကချင်ပြည်နယ်၊ ပူတာအိုမြို့ရှိ အထကပညာရေးကျောင်းတစ်ခုတွင်သာ ကျောင်းသားများထံမှ ကျောင်းသုံးဗလာစာအုပ်ဖိုးဟုဆိုကာ ကျောင်းသားတစ်ဦးလျှင် (၃၀၀၀၀)ကျပ်စီ သီးသန့်ကောက်ခံခဲ့သောကြောင့် ကျောင်းသားမိဘများမှ ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့ကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
"ကျောင်းစတက်တာနဲ့ တစ်ပတ်တောင်မပြည့်သေးဘူး ဆရာ၊မတွေနဲ့ ပြသာနာစဖြစ်နေပြီ။ ကျောင်းအပ်တဲ့အချိန်မှာ ကျောင်းသားတိုင်းကို ဗလာ စာအုပ်ဖိုးလို့ပြောပြီးတော့ ကျပ်(၃၀၀၀၀)စီ ထည့်ခိုင်းတယ်လေ၊ တစ်ချို့မတတ်နိုင်တဲ့ မိဘတွေကျတော့ တော်တော်အခက်တွေ့ကြတာပေါ့၊ အမှန်တော့ ဘာမှဗလာစာအုပ်ဖိုးဆိုတာ ထည့်စရာအကြောင်းလည်းမရှိဘူး။ အတင်းအဓမ္မကောက်နေတာ။ အဲ့ဒါကို တစ်ချို့ကလေးမိဘတွေက မကျေမနပ်နဲ့ တိုင်လိုက်တာကနေစတာ။” ဟု အစည်းအဝေးတက်ရောက်ခဲ့သူအဆောင်မှူးတစ်ဦးက ပြောသည်။
အဆိုပါ ငွေ(၃၀၀၀၀)ကျပ်ကို ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ကျောင်းစတင်အပ်နှံချိန် ကျောင်းလက်ခံသည့် ဆရာ/မများက ကောက်ခံခဲ့ရာ၊ ကျောင်းသားမိဘများက ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့ပြီး၊ ကျောင်းဆရာ/မများနှင့် ပြသာနာဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါအဆောင်မှူးက “၆ လပိုင်း ၆ ရက်နေ့မှာ ကျောင်းမှာ ပညာရေးမှူးက ကျောင်းသားမိဘတွေကိုခေါ်ပြီးတော့ ဆရာ၊မတွေကို အဲ့ကိစ္စရှင်းခိုင်းတယ်၊ အဲ့ဒီအချိန်ကျမှ တောင်ပြော၊မြောက်ပြောနဲ့ ပြဿနာဖြစ်ကုန်တာ။ တစ်ကျောင်းလုံးက ကောက်တဲ့ငွေက နည်းတာမှမဟုတ်တာ။ သိန်းပေါင်း(၆၀၀)ကျော်လောက် ရှိမှာပေါ့။ အဲ့တာကို ပြန်အမ်းခိုင်းတော့လည်း ပြန်မအမ်းပေးချင်တဲ့အခါကျတော့ ကျောင်းသုံး၊အခန်းသုံးပစ္စည်း၊ တံမြတ်စည်း၊ရေပုံးတွေ ဝယ်မယ်ဆိုပြီးတော့ ခေါင်းစဉ်ပြောင်းလိုက်ပြန်တယ်"ဟု ဆက်ပြောသည်။
ပူတာအိုဒေသမှ ကျောင်းသားစုစုပေါင်း (၂၀၀၀)ကျော် တက်ရောက်သင်ကြားသည့် အထကပူတာအိုကျောင်း တစ်ကျောင်းတည်းတွင်သာ ငွေကောက်ခံနေခြင်းကြောင့် ကျောင်းသားမိဘများက ပညာရေးမှူးရုံးထံသို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး၊ ကျောင်းသားတစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် သိန်း(၆၀၀)နီးပါး ကောက်ခံသွားကြောင်း သိရသည်။
ထို့အပြင် ဇွန် ၂ ရက်နေ့မှစပြီး ပူတာအိုခရိုင်အတွင်းရှိ အခြေခံစာသင်ကျောင်းများအားလုံး ကျောင်းဖွင့်လှစ် သင်ကြားနေပြီဖြစ်သော်လည်း ကျောင်းမှ ကျောင်းသုံးပုံနှိပ်စာအုပ် မထုတ်ပေးသည့်အပြင် အပြင်စာအုပ်ဆိုင်မှ ဝယ်ယူအသုံးပြုရာမှာလည်း အခက်အခဲရှိနေသောကြောင့် စာသင်ကြားရာမှာလည်း အခက်အခဲဖြစ်နေကြသည်။
ထို့ကြောင့် ကျောင်းသားမိဘများမှာ ကျောင်းမှ ကျောင်းသုံးစာအုပ် မထုတ်ပေးသည့်အပြင် ဗလာစာအုပ်ဖိုးဟုဆိုကာ ငွေကောက်ခံသွားသောကြောင့် ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
အထကပူတာအိုကျောင်းသည် ပူတာအိုခရိုင် အနယ်နယ်အရပ်ရပ်မှ ကျောင်းသားပေါင်းစုံ လာရောက်သင်ကြားသော ကျောင်းသားအများဆုံး ကျောင်းတစ်ကျောင်းဖြစ်ခဲ့ပြီး၊ ယခုနောက်ပိုင်း သင်ကြားရေးပိုင်းတွင် ဆရာ/မများ လုံလောက်မှုမရှိခြင်း၊ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ အားနည်းလာခြင်း စသည့် ပြသာနာအမျိုးမျိုးကြောင့် ကျောင်းသားအရေအတွက်လည်း ယခင်ထက် တစ်နှစ်ထက်တစ်နှစ် ပိုမိုလျော့နည်းလာကြောင်းလည်း ထပ်မံသိရသည်။
သတင်း- မလိခူး
Comments