top of page

ပူတာအိုမြို့ရပ်ကွက်များအတွင်း မှတ်ပုံတင်အစား စမတ်ကတ်များ စတင်လုပ်ဆောင်ပေးနေ

  • Writer: Pajau Media
    Pajau Media
  • Mar 6, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ လဝကရုံးများတွင် နိုင်ငံသားမှတ်ပုံတင်အစား စမတ်ကတ်များကို ဖေဖော်ဝါရီလဆန်းမှစ၍ စတင်လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း ပူတာအိုမြို့ခံများထံမှ သိရသည်။


"လောလောဆယ်တော့ မြို့တွင်းရပ်ကွက်တွေရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ စပြီးလုပ်နေကြပြီ၊ ရွာတွေအထိတော့ မရောက်သေးဘူး မြို့အတွင်း စာရင်းစတင်ကောက်ယူတဲ့ အဆင့်တော့လုပ်နေကြပြီ" ဟု ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။


စစ်ကောင်စီမှ နိုင်ငံသားမှတ်ပုံတင်အစား စမတ်ကတ်လုပ်ဆောင်ပေးလာရခြင်းမှာ နိုင်ငံတကာ စံချိန်စံညွန်းအတိုင်း၊ ခေတ်မှီနည်းပညာနှင့် တစ်ပြေးညီ နိုင်ငံသားတိုင်း၊ နိုင်ငံသားမှတ်ပုံတင် စမတ်ကတ် အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးရခြင်းဖြစ်သည်ဟု အစိုးရရုံးနှင့် နီးစပ်သူတစ်ဦး ပြောပြချက်အရ သိရသည်။



လက်ရှိမှာ လဝကရုံးမှ ပူတာအိုမြို့ရပ်ကွက်အတွင်း နိုင်ငံသားတိုင်း စမတ်ကတ် ပြုလုပ်နိုင်ရန် မှတ်ပုံတင်အချက်အလက်အတိုင်း စာရင်းကောက်ယူနေကြပြီး၊ ဒေသခံများအား ဖြတ်ပိုင်းတစ်ခုစီ ပေးထားကာ၊ ယင်းဖြတ်ပိုင်းနှင့်သာ စမတ်ကတ် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်ဟု ဆိုသည်။


နောက်ထပ်ဒေသခံတစ်ဦးက စစ်ကောင်စီမှ အရေးတကြီး စမတ်ကတ်ပြုလုပ်လာရခြင်းကို မယုံကြည်နိုင်သေးကြောင်း ယခုလို ပြောသည်။


"ပုံမှန်အားဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား(အပန်းရောင်)ကတ် ရဖို့တောင် ပိုက်ဆံအများကြီး ကုန်ကျရတယ်၊ အဲ့ဒါရပြီး အခုပြန်စမတ်ကတ်ပြောင်းသုံးဖို့ လုပ်လာတယ်ဆိုတော့ ဒါတစ်မျိုးတော့ ထူးဆန်းနေသလိုပဲ။ အခုလို နိုင်ငံရေးအကြပ်အတည်း ဖြစ်နေချိန် အရေးတကြီး လုပ်လာတယ်ဆိုတော့ သိပ်မယုံရဲဘူး၊ အဲ့ဒါကြောင့် မလုပ်သေးဘူး"


ပူတာအိုမြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဌာနသည် ယခင်က နှစ်စဉ်နှစ်တိုင်း ကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြီး အမျိုးသားမှတ်ပုံတင်၊ အိမ်ထောင်စု(ပုံစံ၁၀)များ ပြုလုပ်ပေးခဲ့သော်လည်း၊ ၂၀၂၂ခုနှစ်နှောက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ရွက်ပေးမှုများ မရှိတော့ဘဲ မြို့နယ် လဝက ရုံးတွင် လာရောက်လျှောက်ထားကြရပြီး၊ ငွေကြေးကုန်ကျမှုလည်း ယခင်ထက် ပိုမိုများပြားလာကြောင်း သိရသည်။


စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနမှ စက္ကူနဲ့ ထုတ်ပေးထားတဲ့ နိုင်ငံသားစိစစ်ရေး(အပန်းရောင်)ကတ်တွေကို ကွန်ပျူတာနဲ့ စစ်ဆေးနိုင်မယ့် စမတ်ကတ် (Smart Card) အဖြစ် ပြောင်းလဲသုံးစွဲနိုင်ဖို့ ယမန်နှစ်မှစ၍ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page