ပူတာအိုမြို့ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက) ၏မတရားလာဘ်စားမှုကြောင့်ဒေသခံများအခက်တွေ့နေ
- Pajau Media

- May 14
- 1 min read
ပါဂျောင်မီဒီယာ
၁၄၊ မေ၊ ၂၀၂၆။

ပူတာအိုမြို့ လဝကရုံးဝန်ထမ်းများ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုအခြေအနေတွင် နိုင်ငံသားမှတ်ပုံတင်ကဒ်ပြား၊ အိမ်ထောင်စု စသည့် စရွက်စာတမ်းများဆိုင်ရာနှင့်ပတ်သက်၍ သွားရောက်လျှောက်ယူသည့်ကိစ္စများ၌ ယခင်ကထက် ပိုမိုခက်ခဲလာသည့်အပြင် ဆိုးရွားစွာလာဘ်ငွေများတောင်းခံကြ၍ ဒေသခံပြည်သူများအခက်ကြုံနေကြရသည်ဟု ဆိုသည်။
နိုင်ငံသားကဒ်ပြားတစ်ခုရရှိဖို့အတွက် ၃သိန်းမှ ၅သိန်းကြား ကုန်ကျရသည့်အပြင် အခြားသောစာရွက်စာတမ်းများလျှောက်ထားရာ၌လည်း ရံပုံငွေထည့်ဝင်ရန်ဆိုသည့်ခေါင်းစဉ်ဖြင့် သတ်မှတ်ချက်မရှိသည့်လာဘ်ငွေများပေးဆောင်ကြရကြောင်း ဆိုသည်။
ပူတာအိုမြို့နယ်မှ ဒေသခံအမျိုးသား(အိမ်ထောင်ဦးစီး) တစ်ဦး၏ထွက်ဆိုချက်အရ "အခုချိန်လဝကရုံးတစ်ခါသွားဖို့အရေးက တကယ့်ငရဲခန်းဝင်ရသလိုပဲဗျာ။ အရင်ကဆို တစ်နှစ်တစ်ကြိမ်လောက်ကွင်းဆင်ပြီးမှ လူထုရဲ့လိုအပ်တဲ့မှတ်ပုံတင်၊ အိမ်ထောင်စု စတဲ့အရာတွေလုပ်ပေးခဲ့ဖူးတယ် အခမဲ့သဘောပေါ့။ အခုတော့ အဲ့လိုမရှိတော့ဘူး ကိုယ်တိုင်လဝကရုံးသွားပြီးလျှောက်ယူရတယ်။ မှတ်ပုံတင်ကဒ်ပြားလေးတချက်ထုတ်ပေးဖို့အရေး ကျောင်းသူ၊ သားတွေကအစအနည်းဆုံးလေးသောင်းကျပ်ပေးရတယ် ဒါတောင်ကဒ်ဖိုးပဲရှိသေးတာနော်။ အဆင့်ဆင့်ငွေခင်းပြီးလုပ်နေရတယ်ဗျာ။ အုပ်ချုပ်ရေးမှူးရဲ့ထောက်ခံစာယူတဲ့အဆင့်ကနေစပြီးငွေပေးရတယ် သတ်မှတ်ချက်မရှိဘူး သူတို့ကြိုက်သလိုတောင်းကြတယ်၊ အိမ်ထောင်စုပြင်တာ၊ အပျောက်လျှောက်တာတွေ၊ မွှေးတိုးထည့်တာတွေကအစ ရုံးရန်ပုံငွေဆိုပြီး သိန်းဂဏန်းပေးဆောင်ရတယ်ဗျာ။ အဲ့ထဲမှာလူကိုကြည့်ပြီးညှစ်တာတွေကရှိသေးတယ်။ တစ်ခုခုလျှောက်တိုင်း ကာယကံရှင်ကို ရုံးအပြင်ဘက်ခေါ်ထုတ်ပြီး ရန်ပုံငွေဘယ်လောက်ထည့်မလဲ အထက်ကဆရာတွေ အဆင့်ဆင့်တွေကိုပေးရမှာဆိုပြီး တိုက်နယ်စာရေးတွေက အကြပ်ရိုက်တောင်းကြတာဗျာ၊ ရံပုံငွေလို့သာပြောတာ ပေးတာမလောက်တော့လည်း ဒီလောက်ပဲလား တစ်သိန်းနှစ်သိန်းလောက်တော့လုပ်ပါဆိုပြီး ပေါ်တင်တောင်းစားကြတာဗျာ။ ရွာဘက်ကခက်ခဲတဲ့တောင်သူမိသားစုတွေအတွက် တကယ်ကိုမလွယ်ဘူး။" ဟုဆိုသည်။
မှတ်ပုံတင်ကဒ်ပြားလျှောက်ထားသည့် ကိစ္စများတွင်လည်း မလိုအပ်သည့်ကိစ္စများ ထင်ယောင်ထင်မှားဖြစ်အောင်ပြော၍ ငွေညှစ်တာ၊ အိမ်ထောင်စုမှ သေစာရင်းများဖြတ်တာကအစ ကျပ်သောင်းဂဏန်းပေးဆောင်ရခြင်း ရုံး၏စာရွက်စာတမ်းများအပိုအလျှံဝယ်ခိုင်းခြင်း၊ မိတ္တူကူးခိုင်းခြင်း လာဘ်မထိုးနိုင်ပါက အကြောင်းပြချက်မျိုးစုံဖြင့် ရက်ဆိုင်းအချိန်ဆွဲပေးထားခြင်းတို့ ပြုလုပ်ခံရကြောင်း ထပ်မံပြောပြသည်။
ပူတာအိုမြို့နယ်အတွင်း ကုန်ဈေးနှုန်း၊ စက်သုံးဆီဈေး အဆမတန်မြှင့်တက်နေသည့်အချိန် ယခုကဲ့သို့အစိုးရရုံးများ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင်လည်း မတရားလာဘ်ပေးလာဘ်ယူမှု ဆိုးရွားစွာဖြစ်ပေါ်လာခြင်းကြောင့် ဒေသခံများ အခက်ကြုံနေကြရကြောင်း သိရှိရသည်။
သတင်း- မလိခူး




Comments