top of page

ပူတာအိုမြို့အတွင်း ပြည်သူ့စစ်နှင့် စကစပူး‌ပေါင်းစစ်ဆေးရေးဂိတ်တစ်ခုထပ်ထိုင်

  • Writer: Pajau Media
    Pajau Media
  • Jan 30, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃၀ရက်၊ဇန္နဝါရီ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ လေယာဉ်ကွင်း ရပ်ကွက်တွင် ဌာနေပြည်သူ့စစ် ဖြစ်သည့် ဦးတန်ဂူးတန်၏ မြို့အဝင် စစ်ဆေးရေးဂိတ် တစ်ခုထပ်တိုး အထိုင်ချလာသောကြောင့် ဒေသခံ ပြည်သူများ မြို့တွင်း အဝင်အထွက် သွားလာရေး ခက်ခဲလာသည့်အပြင်၊ စစ်ဆေးရေးဂိတ်အား မလိုလားကြောင်း ဆိုသည်။


"အရင်ကတည်းက အဲ့ဒီနေရာမှာ ဂိတ်ထိုင်တာ မရှိခဲ့ဖူးဘူး၊ အဲ့ဒီနေရာက မြို့တွင်းလေ၊ အခုကျမှ ပြည်သူ့စစ်ဆေးရေး ဂိတ်ထိုင်လိုက်တဲ့အခါကျတော့ ကျနော်တို့ မြို့အပြင်ဘက်က လူတွေမြို့တွင်းကို အလုပ်သွား၊ လာရတဲ့လူတွေအတွက် အရမ်းအခက်အခဲဖြစ်သွားတာပေါ့။ သူတို့ကဖြတ်သွား၊ ဖြတ်လာလူတွေမှန်သမျှကို စစ်ဆေးရေးတွေလုပ်တယ်၊ တန်းစီနေရတယ်၊ ကားသမားတွေလည်း ကားပေါ်ကဆင်းပြီး သတင်းပေးရတယ် ညနေမိုးချုပ်လည်း ဖြတ်သန်းဖို့ အရမ်းခက်ခဲလာတယ်၊ အဲ့ဒါကပြည်သူတွေကို သက်သက်ဒုက္ခပေးနေတာ"ဟု မချမ်းဘော့မြို့နယ် ဒေသခံတစ်ဦးမှ ပြောသည်။


၎င်းစစ်ဆေးရေးဂိတ်သည် ပူတာအိုမြို့အထွက် မချမ်းဘော့မြို့၊ နောင်မွန်းမြို့နှင့် ခေါင်လန်ဖူးမြို့နယ်သို့ သွားသည့်လမ်း ပူတာအို လေဆိပ်အနားတွင် အခြေချဂိတ်ထိုင်ထားပြီး၊ မြို့တွင်းအဝင်အထွက်၊ သွားလာနေရသည့် ပြည်သူများအား ၂၄နာရီစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။


၎င်းစစ်ဆေးရေးဂိတ်များတွင် မနက်ခြေက်နာရီမှ ညနေပိုင်း ခြောက်နာရီအတွင်း ဖြတ်သန်းခွင့်ပိတ်ပင် ထားသည်ဖြစ်၍ အရေးပေါ်လူနာများနှင့် မြို့တွင်း ဆေးရုံ၊ဆေးခန်းသို့ အချိန်မှီပို့ဆောင်ရန် လိုအပ်သည့် လူနာများပင်လျှင် အခက်ကြုံနေရကြောင်း သိရသည်။


ပူတာအိုမြို့အတွင်း ဌာနေပြည်သူ့စစ်နှင့် စကစပူးပေါင်းတပ် စစ်ဆေးရေးဂိတ်များ နှစ်ခုအထိ ရှိလာပြီဖြစ်၍ လက်ရှိ လေယာဉ်ကွင်း ရပ်ကွက်တွင် အခြေချ နေထိုင်သော စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့သည့် ၂၇ရက်နေ့၌ စတင် အထိုင်ချဖွင့်လှစ်သော ဂိတ်ဖြစ်ကြောင်း သိရသည်။


၄င်းစစ်ဆေးရေးဂိတ် အထိုင်ချလာခြင်းနှင့် ပတ်သက်ပြီး နောင်မွန်းမြို့၊ ခေါင်လန်ဖူးမြို့ဘက်သို့ ပြေးဆွဲသည့် ခေါင်လန်ဖူးမှ ကားသမားတစ်ဦးလည်း ပါဂျောင်မီဒီယာသို့ ယခုလို ပြောကြားသည်။


"အဲ့ဒီဂိတ်ထိုင်တာ စစ်တပ်နဲ့ ပြည့်သူ့စစ်တွေ ဆပ်ကြေးတောင်းစားဖို့ သက်သက်ထိုင်တာ၊ အဲ့ဒီနေရာက ဂိတ်ထိုင်ဖို့လုံးဝကိုမသင့်ဘူး။ နောင်မွန်၊ ခေါင်လန်ဖူးဘက် ထွက်တဲ့ကားသမားတွေကို ဆပ်ကြေးကောက်ဖို့ လုပ်နေကြတာ၊ မြို့ထဲမှာကို ထိုင်ချလိုက်တာလေ။ လမ်းတစ်လျှောက် ဂိတ်တွေအများကြီး ဖြတ်နေရပြီ၊ နောင်မွန်းမြို့နယ် မကွေဇဂိတ်မှာရော ဂိတ်ကြေးပေးရတယ်။ ပြီးတော့ ခေါင်လန်ဖူးမြို့နယ် ဖက်မှာလည်း ရီဒမ်းဂိတ်မှာ တင်းကျပ်မှုတွေ ရှိတယ်။ ဂိတ်ကြေးအများကြီး တောင်းတယ်။ သူတို့ပြည်သူ့စစ်နဲ့ စစ်တပ်တွေပဲ၊ အခုလည်း ပူတာအိုမြို့အထွက်မှာကို ဂိတ်ထိုင်ချပလိုက်တယ်၊ အဲ့ဒါပြည်သူတွေကို သက်သက်ဒုက္ခပေးတာ"


ထို့အပြင် ပူတာအို-မြစ်ကြီးနားလမ်း ပူတာအိုမြို့အထွက် မူလာရှီးဒီး ဂိတ်တွင်လည်း တင်းကြပ်စွာ စစ်ဆေးမှု၊ ဆပ်ကြေးကောက်ခံမှုများ ပြုလုပ်နေပြီး၊ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်စီး ပြည်သူများအား ဆိုင်ကယ်ဆင်းတွန်းခိုင်းခြင်း၊ ဆိုင်ကယ်tool box ဖွင့်စစ်ဆေးခြင်းနှင့် အထုပ်များဖြည်၍ စစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် ပြည်သူများ သွားလာရေး အခက်ကြုံနေရသည်ဟု ဆိုသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page